စစ်ကောင်စီကို ပြောင်ပြောင်တင်းတင်းစိန်ခေါ်

September 14, 2021

စစ်ကောင်စီကို ပြောင်ပြောင်တင်းတင်းစိန်ခေါ်ရင်ဆိုင်သွားမည်ဟု ABIA စစ်ဦးစီးချုပ်ပြော

လက်ရှိအချိန်မှာ တော်လှန်ရေးအတွက် စစ်အနိုင်တိုက်ရေးတစ်ခုတည်းကိုသာ ဦးစားပေးမယ်လို့ ဗမာ့တိုင်းများလွတ်မြောက်ရေးတပ် (ABIA) စစ်ဦးစီးချုပ် ကိုအောင်အောင်ကျော်က ပြောကြားလိုက်ပါတယ်။

ရှေ့ဆက်တော်လှန်ရေးတိုက်ပွဲတွေမှာ ခုခံစစ်တုန်းကလိုပုန်းကွယ်မနေဘဲ စစ်ကောင်စီကို ပြောင်ပြောင်တင်းတင်းစိန်ခေါ်ရင်ဆိုင်သွားမယ်လို့ ABIA စစ်ဦးစီးချုပ် ကိုအောင်အောင်ကျော်က ပြောပါတယ်။ 

မြန်မာနိုင်ငံရဲ့ တိုင်းကြီး ၇ တိုင်းက မြို့ပြပြောက်ကျားလူငယ်တွေစုစည်းပြီး ဗမာ့တိုင်းများ လွတ်မြောက်ရေးတပ် ABIA ကို ဖွဲ့စည်းထားတာပါ။ 

အခုလို ဖွဲ့စည်းတာဟာ ဗမာလူမျိုးကြီးဝါဒကို အသက်သွင်းဖို့ ဗမာ့တိုင်းများလွတ်မြောက်ရေးတပ်ကို ဖွဲ့စည်းခဲ့တာ မဟုတ်ဘဲ တော်လှန်ရေး အောင်မြင်တဲ့အချိန်မှာ တိုင်းရင်းသားတွေနဲ့တန်းတူအခြေအနေတစ်ခုမှာ ရပ်တည်နိုင်ဖို့အတွက်ပဲ ရည်ရွယ်ထားတယ်လို့ ABIA စစ်ဦးစီးချုပ် ကိုအောင်အောင်ကျော်က ပြောပါတယ်။ 

လက်ရှိအချိန်မှာ ABIA က စစ်အနိုင်တိုက်ရေးတစ်ခုတည်းကိုဦးစားပေးထားပြီး နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ စစ်ရေးပြဿနာကို အရင်စီမံဖို့လိုတယ်လို့ ဆိုပါတယ်။

ဗမာ့တိုင်းများလွတ်မြောက်ရေးတပ် ABIA ကို တိုက်ခိုက်ရေးအတွက်ဦးတည်တဲ့ စစ်တပ်အဖြစ် ပုံစံတကျဖြစ်အောင်ပြင်ဆင်ထားပြီး အနိုင်တိုက်ရေးတစ်ခုတည်းကို ဦးတည်ထား တာပါ။ လက်ရှိကြုံတွေ့နေရတဲ့တော်လှန်ရေးဟာ တစ်နိုင်ငံလုံးစာ နောက်ဆုံးတော်လှန်ရေးဖြစ်ပြီး မအောင်မြင်ခဲ့ရင် နောက်နောင်တိုင်းပြည်ပြန်လည်တည်ဆောက်နိုင်မယ့် အခြေအနေမရှိတော့တဲ့ အတွက် နိုင်အောင်တိုက်ရမယ်လို့ ကိုအောင်အောင်ကျော်က သုံးသပ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်နေ့မှာ တိုက်ပွဲခေါ်လိုက်တာဟာ အချိန်စောနေပြီး ပြတ်သားတဲ့တော်လှန်ရေးအမြင်၊ နိုင်ငံရေးအမြင်နဲ့  မူဝါဒတွေ လိုအပ်နေသေး တယ်လို့လည်း သုံးသပ်ပါတယ်။

ဗမာ့တိုင်းများလွတ်မြောက်ရေးတပ် ABIA ဟာ အစိုးရအဖြစ်ရပ်တည်ဖို့ဖွဲ့စည်းခဲ့တာ မဟုတ်ဘဲ သေနတ်နဲ့အနိုင်ကျင့်တဲ့ စစ်ကောင်စီကို အနိုင်တိုက်ချင်တာသာဖြစ်တယ်လို့ ကိုအောင်အောင်ကျော်က ပြောပါတယ်။

တိုင်းရင်းသားတွေရဲ့အကူအညီနဲ့ ထိုက်သင့်တဲ့ လက်နက်အင်အား လူအင်အားကိုလည်းရထားတယ်လို့ အတည်ပြုပါတယ်။ အာဏာသိမ်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့သူအားလုံးကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့သုတ်သင်ဖို့ ရှင်းလင်းတဲ့ မူဝါဒလည်း ရှိတယ်လို့ဆိုပါတယ်။ တိုက်ပွဲတွေမှာ စစ်ပညာကျွမ်းကျင်တဲ့သူတွေကို ဦးစားပေး အသုံးပြုမှာဖြစ်ပြီး စစ်ကောင်စီကို စစ်ရေးဗျူဟာတွေနဲ့ စနစ်တကျတိုက်ခိုက်သွားမှာဖြစ်ပါတယ်။

စစ်ကောင်စီက ပြည်သူကို ရန်သူလိုသဘောထားပြီး အနိုင်ကျင့်နှိပ်စက်နေချိန်မှာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့လူငယ်တွေဟာ ပြည်သူ့မျှော်လင့်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်အောင် အားစိုက်ကြိုးစားသင့်တယ်လို့ ကိုအောင်အောင်ကျော်က ပြောပါတယ်။ ပြည်သူတွေဘက်ကလည်း လက်နက်ကိုင်တော်လှန်နေတဲ့လူငယ်တွေကို အပြည့်အဝ ယုံကြည်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

1 month Ago
Up