စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းမှာ မြို့ပြပြောက်ကျားအဖွဲ့က လက်လုပ်မိုင်း ၂ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။
အင်းတော် PDF တပ်ဖွဲ့ဝင်တဦးက “အထိအခိုက် မရှိပါဘူးဗျ။ သတိပေးတဲ့အနေနဲ့ ခွဲခဲ့တာပါ။ သူတို့ဘက်က လက်လုပ်မိုင်းနဲ့ ပစ်ခံရပြီးတဲ့နောက် လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ အင်းတော် သင်္ချိုင်းကုန်းဘက်ကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အင်းတော်မြို့ စျေးအရှေ့ပေါက်ကိုလည်း ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကာ ၃ နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်မှုကြောင့် အင်းပတ်လမ်းမှာ ပဲစိုက်နေတဲ့ လင်မယား ၂ ယောက် ကျည်ထိမှန်ခဲ့ပြီး အမျိုးသားဖြစ်သူ သေဆုံးသွားကာ အမျိုးသမီးဖြစ်သူမှာ ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားဖြစ်သူကို အဲဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က မိသားစုဝင်တွေကိုခေါ်ပြီး အင်းတော်မီးသင်္ဂြိုဟ်စက်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံ အမျိုးသားတဦးက ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်း-မြင်းမူသွား ကားလမ်းပေါ်မှာ မိုင်းရှင်းလင်းရေးလုပ်ဖို့ လာတဲ့ စစ်ကောင်စီကားကို ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီက သိရပါတယ်။
မိုင်းရှင်းလင်းရေးလာတဲ့ စစ်ကောင်စီကားဟာ စစ်ကိုင်း တပ်မ ၃၃ ကနေ စတင်ထွက်ခွာလာပြီး နတ်ခရိုင်နဲ့ လယ်ကြီးရွာကြားအရောက်မှာ အခုလို မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။
မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက “စစ်(--)ကား လာမယ်ဆိုတာကို ဖရဲသီးက သတင်းပေးလို့ အခုလို မိုင်းဆွဲနိုင်ခဲ့တာဗျ။ မိုင်းက ပဒေသာမိုင်း ၅ လုံးနဲ့ ဆွဲခဲ့တာဗျ။ စစ်(--)ကားပေါ်မှာကတော့ စစ်(--) ၃၀ လောက်ပါမယ်လို့ ကြိုသိထားတယ်ဗျ။ ကျနော်တို့ မိုင်းဆွဲလိုက်လို့ ကားမောင်းတဲ့ စစ်(--)ကတော့ နေရာတင် သေသွားတယ်။ တခြား ဒဏ်ရာရသူတွေလည်း များတယ်။ အဲဒီဒဏ်ရာရသူတွေထဲက နောက်ထပ် ၄ ဦး စစ်ကိုင်းတပ်ထဲရောက်မှ သေတယ်လို့လည်း ကျနော်တို့ သိထားရတယ်။ ကားကတော့ ဆက်ပြီးမောင်းမရလို့ နှုံးတွင်းခြေတော်ယာတပ်အတွင်း ဆွဲပြီးထားခဲ့တယ်။ သူတို့ဘက်က ပြန်လည်ပစ်ခတ်တာတွေ ရှိပေမဲ့ ကျနော်တို့ လွတ်အောင်ပြေးနိုင်ခဲ့လို့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အခုတိုက်ခိုက်ခဲ့တာကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) နဲ့ သရဲနီအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၉ ရက်နေ့ မနက်က စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ယောက်ထက်မနည်း သေဆုံးနိုင်တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
ပခုက္ကူမြို့ဘက်ကနေ ထွက်လာတဲ့ စစ်တပ်ဖောကားတစီးကို မြိုင်မြို့နယ် တွင်းမပျူစခန်းနဲ့ သရက်ကန်ပျူစခန်းကြားမှာ ဇန်နဝါရီ ၉ ရက်နေ့ မနက် ၁၀ နာရီလောက် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်း ၁၀ လုံး၊ ပေပါမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ ဖောကား ထိခိုက်ပျက်စီးရပ်တန့်သွားပြီး အနည်းဆုံး ၆ ယောက်ကနေ ၉ ယောက်အထိ သေဆုံးနိုင်တယ်လို့ အတွင်းသတင်းရရှိတယ်လို့ ဆိုပါတယ်။
တွင်းမရွာ အစပ်မှာ ဇန်နဝါရီ ၇ ရက်နေ့ ညကလည်း ကင်းလှည်နေတဲ့တပ်ဖွဲ့တွေကို မိုင်း ၁၃ လုံးနဲ့ တိုက်ခိုက်ခဲ့ပေမယ့် Error ဖြစ်သွားလို့ ၃ လုံးသာပေါက်ကွဲခဲ့ပြီး ပျူစောထီးခေါင်းဆောင် ကံထွေးအောင်နဲ့ ရဲတယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို မြိုင် ပ.က.ဖ တပ်ရင်း(၁)၊ တပ်ခွဲ(၁) နဲ့ တပ်ခွဲ (၂) ဂဠုန်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီမိုင်းဆွဲ တိုက်ခံရတဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း ဇန်နဝါရီ ၉ ရက် ညနေက ပျူစောထီးရွာတရွာ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး နေအိမ်တလုံး မီးလောင်ကျွမ်းကာ ထိခိုက်ဒဏ်ရာရသူရှိနိုင်တယ်လို့ ပေါက်တောင်ပိုင်း ဒေဝယက္ခတပ်ဖွဲ့က ပြောပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်း ချောင်းနားရွာသစ် ပျူရွာကို ဇန်ဝါရီ ၉ ရက်နေ့ ညနေ ၆ နာရီလောက်မှာ SPGF နဲ့ပူးပေါင်းပြီး ၆၀ မမ တာဝေးပစ် ဗုံးသီး ၅ လုံး၊ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ ဒေဝယက္ခတပ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်လပြည့်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ ပျူစောထီးတွေ တပ်စွဲထားတဲ့ နေအိမ်တအိမ် မီးလောင်ကျွမ်းပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒေဝယက္ခတပ်ဖွဲ့ရဲ့ Rocket Fighter လက်နက်ထုတ်လုပ်ရေးအဖွဲ့က အကွာအဝေး ၂ မိုင်းအထိ ပစ်ခတ်နိုင်တဲ့ ၆၀ မမ တာဝေးပစ် ပုံပြောင်း ဗုံးသီးတမျိုးကို ထုတ်လုပ်အောင်မြင်ခဲ့ပြီး စစ်ဆင်ရေးတွေမှာ လက်တွေ့ စတင်အသုံးပြုနေပြီလို့ ဗိုလ်လပြည့်က ပြောပါတယ်။
ပျူစောထီးတွေဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ည ၇ နာရီကျော်လောက်မှာ ဒေဝယက္ခတပ်ဖွဲ့ ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးမီးရှို့ ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၃၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး မကွေးတိုင်းအတွင်းမှာ အများဆုံး မရှို့ခံရတဲ့ မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။