စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ် (၁) မှာ မေ ၁ ရက်နေ့ ညက ဆိုင်ကယ်နဲ့ အမည်မသိ လူနှစ်လာရောက်ပြီး ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“အခု ည ၇ နာရီခွဲ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ကမ္ဘောဇဘဏ် (၁) ကို ဗုံးပစ် တိုက်ခိုက်ခံရတယ်။ ဆိုင်ကယ် ၁ စီးနဲ့ လူ ၂ ယောက် လာပစ်တယ်။ ဗုံးက ဘဏ်ထဲမရောက်ဘဲ အပြင်မှာ ပေါက်ကွဲသွားတယ်၊ ထိခိုက်တာတွေမရှိဘူး” လို့ မျက်မြင်တဦးက ပြောပါတယ်။
စစ်ကိုင်းမြို့က ကမ္ဘောဇဘဏ် (၁) ကို ဘယ်အဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်ဆိုတာ မသိရှိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီလောက်ကလည်း စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ (၁) ကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံပြည်တွင်း စစ်ကိုင်းမြို့ အနီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ နေ့လယ် ၂ နာရီ ၂၄ မိနစ်ကျော်လောက်က မန္တလေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၈ မိုင်ခန့် ကွာဝေးတဲ့ စစ်ကိုင်းမြို့ရဲ့ မြောက်ဘက် ၁၄ မိုင်လောက်အကွာ မြောက်လတ္တီတွဒ် (၂၂.၀၈) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၀၁) ဒီဂရီ၊ အနက် (၄) ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ခတ်သွားတာလို့ ဆိုပါတယ်။
ငလျင်ဒဏ်ကို မန္တလေးဘက်ကလည်း သိရှိခံစားခဲ့ရပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မကြားသိရသေးပါဘူး။