ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် နောက်ဆုံးအစည်းအဝေးအဖြစ် ၂၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက် မနက်ပိုင်းက ပြန်လည် စတင်ကျင်းပခဲ့ပါတယ်။
လွှတ်တော်မှာ အတည်ပြုဖို့ကျန်နေသေးတဲ့ နည်းဥပဒေတွေနဲ့ ရေးရာကော်မတီတွေ၊ တခြားအစီရင်ခံစာတွေ အတည်ပြုဖို့ ကျန်နေသေးတဲ့အတွက် အစည်းအဝေး ကျင်းပတာဖြစ်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေထံက သိရပါတယ်။
လွှတ်တော်အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ ၃ ရက်ကြာကျင်းပဖို့လည်း ရည်ရွယ်ထားပါတယ်။
လတ်တလော ဒေသတွင်းပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်လည်း အစည်းအဝေးတက်ရောက်ကြမယ့် ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေ၊ ဌာန၊ အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကိုလည်း အစည်းအဝေးမကျင်းပခင် ဒီဇင်ဘာလ ၇၊ ၁၁ ရက်နေ့တွေမှာ Test Kit နဲ့ ကျန်းမာရေး စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး အားလုံးမှာ ကိုဗစ်-၁၉ ပိုးမတွေ့ရှိခဲ့ပါဘူး။
ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် သက်တမ်းအတွင်း ပုံမှန်အစည်းအဝေးပေါင်း ၂၅ ကြိမ်၊ အထူးအစည်းအဝေး ၃ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၃ ကြိမ် ကျင်းပခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်းပေါင်း ၁၈၇၇ ခု၊ ကြယ်ပွင့်မပြမေးခွန်းပေါင်း ၈၉၀ ခု မေးမြန်းခဲ့ကာ အဆိုပေါင်း ၂၈ ခု၊ ဥပဒေပေါင်း ၂၈ ခုတို့ အတည်ပြုခဲ့ပြီး နည်းဥပဒေလည်း အနည်းဆုံး ၄ ခုထက်မနည်း အတည်ပြုဖို့ ကျန်ရှိနေပါသေးတယ်။
စစ်ကိုင်းတိုင်းလွှတ်တော်မှာ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၀၁ ဦးရှိခဲ့ပေမယ့် လက်ရှိမှာ ၉၉ ဦးသာ ကျန်ရှိပါတယ်။
4 months Ago