စစ်သွေးကြွ သံသယရှိ လူ ၅ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး

A d v e r t i s e m e n t With Us

August 13, 2016

စစ်သွေးကြွ သံသယရှိ လူ ၅ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ် ရဲတွေဟာ စစ်သွေးကြွလို့ သံသယရှိတဲ့ လူ ၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ သြဂုတ် ၁၂ ရက်နေ့က ပြောပါတယ်။ သူတို့ဟာ အရင်လက နိုင်ငံတွင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်တဲ့ အုပ်စုနဲ့ ဆက်သွယ်မှု ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က သေနတ်သမား ၇ ဦးက ဟိုလေးအာတီဆန် စားသောက်ဆိုင်ကို စီးနင်းခဲ့ပြီး အီတလီနိုင်ငံသားတွေ အပါအဝင် လူအယောက် ၂၀ ကို သတ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲတွေက သေနတ်သမား ၆ ဦး အသေပစ်ခတ်ခဲ့ပြိး ၁ ဦးကိုတော့ အရှင်ဖမ်းမိခဲ့ပါတယ်။ ဒီစားသောက်ဆိုင်ဟာ သံတမန်တွေ နိုင်ငံခြားသားတွေနဲ့ စီးပွားရေးသမားတွေ ကြားမှာ လူကြိုက်များပါတယ်။ ဇူလိုင် ၇ ရက်နေ့ကလည်း စစ်သွေးကြွတွေက ရာမာဒန် ဥပုသ်လ ပြီးဆုံးတဲ့ အိဒ်ပွဲတော် အတွင်း စောင့်ကြပ်နေတဲ့ ရဲတွေကို တိုက်ခိုက်ခဲ့မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ဒါကာမြို့တော်က အကြီးစားတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ပြောပြီး နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်လုပ်မယ်လို့ သတိပေးခဲ့ပါတယ်။ အခုဖမ်းဆီးလိုက်တဲ့ ၅ ဦးဟာ ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်း မတူခြားနားတဲ့ ခရိုင်တွေက လာတာဖြစ်ပြီး သူတို့ဆီက စနက်တံ ၂၅ ချောင်းနဲ့ ဗုံးလုပ်တဲ့ ဂျယ် ၈၇၅ ဂရမ် အပါအဝင် သက်သေတချို့ကို သိမ်းဆည်းရမိတယ်လို့ ရဲဒုကော်မရှင်နာ မင်းကြီး မိုနီရူး အစ္စလမ်က ပြောပါတယ်။ သူတို့ကို ရမန်ယူပြီး စစ်မေးရင် သူတို့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ တကယ့် အချက်အလက်တွေကို သိရလိမ့်မယ်လို့ သူက ပြောပါတယ်။ သံသယရှိသူတွေကို တရားမဝင် ဖမ်းထားပြီး ရှေ့နေငှားခွင့်မပေးဘူးလို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောဆို ဝေဖန်တာတွေလည်း ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ သူ့နိုင်ငံထဲမှာ အိုင်အက်စ် စစ်သွေးကြွတွေ ရှိတယ်ဆိုတဲ့ အချက်ကို ပယ်ချထားပါတယ်။
5 years Ago
Up