စစ်သွေးကြွအယောက် ၁၀၀ သုတ်သင်လိုက်ဟု အီဂျစ်စစ်တပ် ကြေညာ

July 3, 2015

အီဂျစ်လေကြောင်း တိုက်ခိုက်မှု စစ်သွေးကြွ ၂၃ ဦး သေဆုံး

အီဂျစ်လေတပ်က ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ပိုင်းက အစ္စလာမ္မစ်စစ်သွေးကြွတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၂၃ ဦး သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၁ ရက်နေ့က ဒေသတွင်း အဓိကရုဏ်းကြောင့် လူအယောက် ၁၀၀ ကျော် သေဆုံးခဲ့အပြီး တန်ပြန်တိုက်ခိုက်မှုလို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ သေဆုံးသူတွေဟာ ဇူလိုင် ၁ ရက်နေ့ တိုက်ခိုက်မှုထဲမှာ ပါတဲ့သူတွေလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇူလိုင် ၁ ရက်နေ့ ဆိုင်းနိုင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ အယောက် ၁၀၀၊ အရာရှိ ၄ ဦး အပါအဝင် စစ်သည် ၁၇ ဦး သေဆုံးခဲ့တယ်လို့ စစ်တပ်ပြောခွင့်ရက ပြောပါတယ်။ အစ္စလာမ္မစ်ဝါဒီ ရွေးကောက်ခံ သမ္မတ မိုဟာမက် မော်စီကို လူထုက အကြီးအကျယ် ဆန္ဒပြခဲ့အပြီး အီဂျစ်စစ်တပ်ခေါင်းဆောင် အယ်လ်စီစီက သူ့ကို ၂၀၁၃ ခုနှစ်မှာ ဖြုတ်ချခဲ့တာပါ။ အဲဒီနောက် အိုင်အက်စ် စစ်သွေးကြွတွေဆီမှာ သစ္စာခံထားတဲ့ ဆိုင်းနိုင်းအခြေစိုက် သူပုန်တွေက စစ်သားတွေနဲ့ ရဲတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဆိုင်းနိုင်းရေးရာ အထူးကျွမ်းကျင်သူ သတင်းထောက် မိုဟန်နဒ် စဘ်ရီက ဇူလိုင် ၁ ရက်နေ့ တိုက်ခိုက်မှုဟာ အီဂျစ်ထောက်လှမ်းရေး မလုံလောက်မှုကို ရှင်းရှင်းလင်းလင်း ပြနေတယ်လို့ ပြောပါတယ်။ “မနေ့က ဖြစ်ခဲ့တာက ဒီအုပ်စုတွေ အချိန်နဲ့တပြေးညီ ခင်းကျင်းသွားတာပဲ။ လူစုတာ၊ စစ်အင်အား တည်ဆောက်တာ၊ သူတို့အတွက် အကောင်းဆုံးအချိန်မှာတိုက်တာ၊ သူတို့ တိုက်ခိုက်မှု ပိုထိရောက်တဲ့နေရာမှာ တိုက်တာ စသဖြင့်ပေါ့။ သူတို့တိုက်တဲ့ အခြေအနေနဲ့ ပြောက်ကျားစစ်မှာ သူတို့သုံးတဲ့ နည်းဗျူဟာတွေကို ဗဟုသုတရှိတဲ့ နောက်ကွယ်က စီစဉ် အကွက်ချသူတွေ ရှိပုံရတယ်။” အီဂျစ်သမ္မတ စီစီကတော့ ဆိုင်းနိုင်းခရိုင်က အိုင်အက်စ် စစ်သွေးကြွတွေကို လိုလားတဲ့ စစ်သွေးကြွ ဂိုဏ်းခွဲတွေဟာ အီဂျစ်၊ အာရပ်နိုင်ငံတွေနဲ့ အနောက်ဥရောပအတွက် ခြိမ်းခြောက်မှုလို့ ပြောပါတယ်။ အစ္စရေး၊ ဂါဇာကမ်းမြောင်နဲ့ စူးအက်တူးမြောင်းတို့ကြားက ကျွန်းဆွယ်မှာ သိသာထင်ရှားတဲ့ အကြမ်းဖက်နှုန်း မြင့်တက်မှုဖြစ်တဲ့ စစ်သွေးကြွ တိုက်ခိုက်မှုဟာ ဒီသီတင်းပတ်အတွင်း အီဂျစ်မှာ ဒုတိယအကြီးစား တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အီဂျစ်ဟာ အစ္စရေးနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရထားပြီး ကမ္ဘာ့ အသက်သွေးကြော သင်္ဘောလမ်းဖြစ်တဲ့ စူးအက်တူးမြောင်းကို ထိန်းချုပ်မှုလည်း ရထားပါတယ်။ စစ်ပွဲတွေအတွင်း လူ ၆ သောင်းနေတဲ့မြို့က ဓားစာခံဖြစ်နေလို့ အီဂျစ်သာမက တကမ္ဘာလုံးက စောင့်ကြည့်သင့်တယ်လို့ သတင်းထောက် စဘ်ရီက ပြောပါတယ်။
6 years Ago

July 2, 2015

စစ်သွေးကြွအယောက် ၁၀၀ သုတ်သင်လိုက်ဟု အီဂျစ်စစ်တပ် ကြေညာ

အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်ဒေသ မြောက်ပိုင်းမှာ စစ်သွေးကြွ အယောက် ၁၀၀ ကို သုတ်သင်လိုက်တယ်လို့ အီဂျစ်စစ်တပ်က ကြေညာပါတယ်။ စစ်သွေးကြွတွေက စစ်တပ် စစ်ဆေးရေးဂိတ်တခုကို ၀င်တိုက်ပြီးနောက် စစ်တပ်က စစ်ဆင်ရေးတခု ပြုလုပ်ခဲ့တာပါ။ အီဂျစ်စစ်တပ်ရဲ့ ကြေညာချက်ကို နိုင်ငံပိုင်ရုပ်သံလိုင်းက ထုတ်လွှင့်ရာမှာ စစ်တပ်အရာရှိ ၄ ယောက် အပါအ၀င် စုစုပေါင်း ၁၇ ယောက်လည်း ကျဆုံးပြီး ၁၃ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဆိုင်းနိုင်းကျွန်းဆွယ် မြောက်ပိုင်းဒေသမှာ အခြေစိုက်တဲ့ စစ်တပ်နဲ့ လေတပ်တို့ ပူးပေါင်း စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမား ၁၀၀ ကို သုတ်သင်နိုင်ခဲ့ပြီး အတ်ေများများလည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်သမားတွေ အသုံးပြုတဲ့ ယာဉ် ၂၀ ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ အခုတော့ ဆိုင်းနိုင်းဒေသ မြောက်ပိုင်းဒေသကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီလို့လည်း ကြေညာချက်က ဆိုပါတယ်။
6 years Ago
Up