စစ်သွေးကြွ

July 29, 2019

နိုင်ဂျီးရီးယားတွင် ဈာပနအခမ်းအနားမှ ပြန်လာသူများ တိုက်ခိုက်ခံရ၊ ၆၅ ဦးထက်မနည်း သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ ဈာပနအခမ်းအနားကနေ ပြန်လာတဲ့ လူတစုကို သံသယရှိဖွယ် အစ္စလာမ္မစ် စစ်သွေးကြွတွေ တိုက်ခိုက်တာကြောင့် လူ ၆၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ သတင်းဌာနက ဇူလိုင် ၂၈ ရက်မှာ ပြောပါတယ်။ ဒါဟာ မကြာသေးခင် နှစ်တွေအတွင်း နိုင်ဂျီးယားနိုင်ငံမှာ အရပ်သား အသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေက တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒဏ်ရာရသူတွေလည်း များတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး မိုဟာမက် ဘူလာမာက ပြောပါတယ်။ နိုင်ဂျီးရီးယားသမ္မတ မူဟမ်မာဒူ ဘူဟာရီက အဲဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ကျူးလွန်သူတွေကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ဖို့ စစ်တပ်ကို အမိန့်ပေးခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ တာဝန်ယူပြောကြားတာ မရှိသေးပါဘူး။ ဒါပေမယ့် ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့နဲ့ အနောက်အာဖရိက အခြေစိုက် အိုင်အက်စ်အဖွဲ့ (ISWA) တို့ဟာ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ မကြာခဏ တိုက်ခိုက်လေ့ ရှိပါတယ်။ ဘော်နိုပြည်နယ်ဟာ ဘိုကိုဟာရမ်နဲ့ ISWA စစ်သွေးကြွအဖွဲ့တွေ အဓိကလှုပ်ရှားတဲ့ ဗဟိုချက် ဖြစ်ပါတယ်။ နိုင်ငံတွင်း ဆယ်စုနှစ်တခုကြာ အဲဒီစစ်သွေးကြွတွေရဲ့ ပုန်ကန်မှုတွေကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး သန်းချီတဲ့ နိုင်ငံသားတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
2 years Ago

June 5, 2019

အင်ဒိုနီးရှားတွင် စစ်သွေးကြွတဦး အသေခံဗုံးခွဲ၊ ဗုံးခွဲသူ ဒဏ်ရာ အပြင်းအထန်ရ

အင်ဒိုနီးရှားနိုင်ငံမှာ အိုင်အက်စ်သြဇာခံလို့ သံသယရှိတဲ့ စစ်သွေးကြွတယောက်က အသေခံဗုံးခွဲရာမှာ မအောင်မမြင်ဖြစ်ပြီး ဗုံးခွဲသူ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ ဇွန်လ ၄ ရက်နေ့မှာ အာဏာပိုင်တွေက ပြောပါတယ်။ ကမ္ဘာ့အကြီးဆုံး မွတ်စလင်နိုင်ငံမှာ အစ်ပွဲတော်အတွက် ပြင်ဆင်နေချိန် ဇွန်လ ၃ ရက်နေ့ နှောင်းပိုင်းက ကာတိုဆူရိုခရိုင် တူဂူယာဉ်ထိန်းရဲစခန်းအနီး အသေခံဗုံးခွဲခဲ့တာပါ။ အဲဒီလို တိုက်ခိုက်တာကြောင့် အသက် ၂၂ နှစ်အရွယ် ဗုံးခွဲသူအမျိုးသား၊ မျက်မြင်တယောက်နဲ့ ယာဉ်ထိန်းရဲစခန်းမှာရှိတဲ့ ရဲဝန်ထမ်း ၈ ယောက် ဒဏ်ရာရတယ်လို့ အမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ အဲဒီဗုံးခွဲမှုကြောင့် တခြားသူ ထိခိုက်ဒဏ်ရာရတာ မရှိဘဲ အနိမ့်စား ဖောက်ခွဲရေးပစ္စည်းတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မနှစ်တုန်းက ဘုရားကျောင်းတွေနဲ့ ရဲစခန်းတွေကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲမှု ဆက်တိုက်ပြုလုပ်တဲ့အတွက် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အကြမ်းဖက်မှု တန်ပြန်ဖြိုခွင်းရေး ရဲတွေဟာ သံသယဖြစ်ဖွယ် စစ်သွေးကြွတွေကို ရာနဲ့ချီပြီး ထိန်းသိမ်းခဲ့ပါတယ်။
2 years Ago
More News
Up