စစ်ရေးလေ့ကျင့်မှု

March 4, 2019

အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

တောင်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မတ်လ ၄ ရက်ကနေ ၁၂ ရက်ထိ ပြုလုပ်သွားမယ်လို့ တောင်ကိုရီးယား စစ်ဦးစီးအရာရှိချုပ်တွေနဲ့ တောင်ကိုရီးယား-အမေရိကန် ပူးပေါင်းတပ် အရာရှိတွေက မတ်လ ၃ ရက်နေ့မှာ ပြောပါတယ်။ မဟာမိတ်လို့ အဓိပ္ပာယ်ရတဲ့ ဒုံမိန်း စစ်ရေးလေ့ကျင့်မှုဟာ ခါတိုင်းကျင်းပနေကျ Key Resolve နဲ့ Foal Eagle စစ်ရေးလေ့ကျင့်မှုတွေကို ပုံစံပြောင်းထားတာပါ။ ဗျူဟာ၊ စစ်ဆင်ရေးနဲ့ ကိုရီးယားကျွန်းဆွယ် ယေဘုယျ စစ်ဆင်ရေးတွေရဲ့ ဗျူဟာမြောက် ရှုထောင့်တွေကို အာရုံစိုက်ထားမယ်လို့ သူတို့က ပြောပါတယ်။ Foal Eagle စစ်ရေးလေ့ကျင့်မှုမှာ ထောင်နဲ့ချီတဲ့ ကြည်းရေလေနဲ့ အထူးတပ်ဖွဲ့ဝင်တွေပါပြီး နွေဦးရာသီမှာ လေ့ကျင့်လေ့ရှိပါတယ်။ Key Resolve ကတော့ ကွန်ပျူတာနဲ့ ပုံစံထုတ်ထားတဲ့ လေ့ကျင့်မှု ဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ဖြုတ်သိမ်းရေး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ပထမဆုံးအကြိမ် ထိပ်သီးညီလာခံမှာ တွေ့ကတည်းက အမေရိကန်နဲ့ တောင်ကိုရီးယားဟာ စစ်ရေးလေ့ကျင့်မှု အတော်များများကို ဆိုင်းငံ့ထားတာပါ။ ဒီသီတင်းပတ်အတွင်း အမေရိကန်နဲ့ မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးညီလာခံ မအောင်မမြင် ဖြစ်အပြီးမှာ စစ်ရေးလေ့ကျင့်မှု ပြန်စဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
3 years Ago

October 25, 2018

အကြီးဆုံး စစ်ရေးလေ့ကျင့်မှု နေတိုးမဟာမိတ်အဖွဲ့ စတင်

စစ်အေးခေတ်အပြီးမှာ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို နေတိုး (မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့) က အောက်တိုဘာ ၂၅ ရက်မှာ စတင်လိုက်ပါတယ်။ ဒီစစ်ရေး လေ့ကျင့်မှုကို သမုဒ္ဒရာစောင့်နတ်ရဲ့ အသွား ၃ ခု ခက်ရင်းခွ Trident Juncture လို့ နာမည်ပေးထားပါတယ်။ “နေတိုးရဲ့ ရေပိုင်နက်ထဲမှာဖြစ်လာတဲ့ ဘယ်လိုလုံခြုံရေး အခြေအနေကိုမဆို ကိုင်တွယ်ဖြေရှင်းဖို့ ကျနော်တို့က အမြဲအဆင်သင့်ပဲ။ ဒါဟာ ကျနော်တို့ လေ့ကျင့်ရတဲ့ တခုတည်းသော အကြောင်းရင်းပဲ” လို့ နေတိုး အရာရှိတယောက်က ဆိုပါတယ်။ “ဒီစစ်ရေးလေ့ကျင့်မှုမှာ နေတိုးမဟာမိတ်နိုင်ငံ ၂၉ နိုင်ငံစလုံးက အရာရှိစစ်သည် အင်အား ငါးသောင်း ပါဝင်လေ့ကျင့်မှာဖြစ်ပြီး နေတိုးရဲ့ မိတ်ဖက်ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့လည်း ပါဝင်ပါမယ်။ အောက်တိုဘာ ၂၅ ကနေ နိုဝင်ဘာ ၇ ရက်ထိ တပိုင်းနဲ့ နိုဝင်ဘာ ၁၃ ကနေ ၂၄ ထိ တပိုင်း အပိုင်း ၂ ပိုင်း သတ်မှတ်လေ့ကျင့်မယ်လို့ နေတိုး အတွင်းရေးမှူးချုပ် ယန်း စတော့တန် ဘာ့ဂ်က ဘယ်လ်ဂျီယံနိုင်ငံ  ဘရပ်ဆဲလ်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
3 years Ago
More News
Up