စစ်ရေးတည်ဆောက်မှု

August 15, 2018

တရုတ်၏ စစ်ရေးတည်ဆောက်နေမှုများကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ဝေဖန်

တောင်တရုတ်ပင်လယ်မှာ စစ်ရေးတိုးမြှင့် တည်ဆောက်နေမှု စတဲ့ တရုတ်ရဲ့ စစ်ရေးတည်ဆောက်နေမှုတွေကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်က ဝေဖန်ပြောကြားလိုက်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်ဟာ အခုသီတင်းပတ်အတွင်း တောင်အမေရိကနိုင်ငံတွေ အလည်အပတ် ခရီးစဉ်အတွင်း သြဂုတ် ၁၄ ရက်နေ့က ဘရာဇီးနိုင်ငံ ရီယိုမြို့က ဘရာဇီး စစ်ဘက်အရာရှိတွေကို ပြောကြားရာမှာ ထည့်သွင်း ပြောကြားသွားတာပါ။ ဂျင်မက်တစ်က အရေးပါတဲ့ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်း တခုလည်းဖြစ်၊ အရှေ့တောင်အာရှ နိုင်ငံတချို့နဲ့ တရုတ်အကြား ပိုင်နက်အငြင်းပွားနေတဲ့ ဒေသလည်းဖြစ်တဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်က စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်နေတာ၊ စစ်ရေးတည်ဆောက်မှုတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။ “တရုတ်ဟာ သူ့ရဲ့ စစ်ရေးအင်အား တည်ဆောက်ခြင်းအားဖြင့် အဲဒီဒေသက နိုင်ငံတွေရဲ့ ယုံကြည်မှုကို ခြိမ်းခြောက်နေပါတယ်။” ဒါ့အပြင် ဘရာဇီးတပ်ဖွဲ့ အနေနဲ့လည်း ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အာကာသနယ်မြေကို ကာကွယ်သွားကြဖို့ ဂျင်မက်တစ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ “အာကာသနယ်မြေပိုင်နက်ထဲက ဆက်သွယ်ရေးဂြိုဟ်တုတွေကို တုံ့ပြန် ဆောင်ရွက်နိုင်တယ်ဆိုတဲ့ တရုတ်ဘက်က ပေးနေတဲ့ မက်ဆေ့ခ်ျကို ကျနော်တို့ ကောင်းကောင်းသိထားပါတယ်။ ကျနော်တို့အနေနဲ့ အာကာသနယ်မြေကို စစ်ဘောင်သွင်းလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် လိုအပ်ရင် ကာကွယ်သွားရပါလိမ့်မယ်။” အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ပြောကြားရာမှာ အမေရိကန် စစ်လက်နက်ပစ္စည်းတွေကို ကမ္ဘာတဝန်းမှာ အမေရိကန် ၅ ဘီလီယံဖိုး ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်နက်ရောင်းချတဲ့ကိစ္စမှာ တရုတ်ရဲ့ ယှဉ်ပြိုင်လာမှုကလည်း အမေရိကန်ကို ထိခိုက်စေနိုင်တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up