စစ်ရေးတင်းမာမှု

March 29, 2018

ဖာပွန်ခရိုင်တွင်း စစ်ရေးတင်းမာမှုကိစ္စ တပ်မတော်နှင့်ကေအန်ယူ ဆွေးနွေးမည့်အစီအစဉ် ဖျက်သိမ်း

  ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့  ကေအန်ယူအကြား စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီး ကျောက်ကြီးမြို့မှာ နှစ်​ဖက်​တပ်​​တွေ့ဆုံညှိနှိုင်းမယ့် အစီအစဉ်ကို တပ်မတော်ဘက်က ဖျက်သိမ်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC – U) အစည်းအဝေးဆုံးဖြတ်ချက်အရ နှစ်ဖက်တပ်တွေ မတ်လ ၂၉ နဲ့ ၃၀ ရက်တွေမှာ တွေ့ဆုံဖို့ ရှိနေတာပါ။ ဒီလိုတွေ့ဆုံမယ့်အစီအစဉ်ဟာ ကေအန်ယူဖာပွန်ခရိုင်တပ်မဟာ (၅) မှူးက မတက်လို့ဆိုပြီး တပ်မတော်ဘက် ဖျက်သိမ်းခဲ့တာလို့ ကေအန်ယူ ဗဟိုကော်မီတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။ “တပ်မဟာ ၅ မှူးမတက်လို့ဆိုပြီးအကြောင်းပြတာလေ။ တပ်မဟာ ၅ က ဗျူဟာမှူးတွေ၊ ဗမာလို ရေရေလည်လည်တတ်တဲ့လူတွေသွားတယ်။ အဲဒါကို သူတို့က လက်မခံဘူး။ တပ်မဟာ ၅ မှူးပဲပါရမယ်။  ဗိုလ်အိုင်းဇက်တို့လည်းသွားတယ်။ တပ်မဟာ ၅ မှူး မပါလို့ မတက်ဘူးဆိုပြီးမှ သူတို့က လုပ်တာ။ သူတို့ဘက်က ဖျက်သိမ်းတဲ့သဘော။ ဒါပေမယ့် မနက်ဖြန် ၁ ရက်ကျန်သေးတယ်။ ကြည့်ဦးမယ်။” ဖာပွန်ခရိုင်၊ လူသောမြို့နယ် ခေးပူနဲ့ လယ်မူပလောရွာကြားမှာ ကားလမ်းဖောက်လုပ်ဖို့ အတွက် မတ် ၄ ရက်နေ့ကစပြီး အစိုးရတပ်က  စစ်အင်အားတိုးချဲ့ ဝင်ရောက်လာခဲ့တာပါ။ စစ်အင်အားတိုးချဲ့မှုကြောင့် ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ဒေသတွင်း ကျေးရွာ ၁၆ ရွာ၊ လူပေါင်း ၂၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
3 years Ago
Up