စစ်ဘေးရှောင်ပြည်သူများ

August 10, 2017

မယ်စကြဝဠာ မြန်မာအလှမယ်များ စစ်ဘေးရှောင်ပြည်သူများကို တွေ့ဆုံလှူဒါန်း

မယ်စကြဝဠာ မြန်မာအလှမယ် ၃၀ ဦးက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို မနေ့က သွားရောက်တွေ့ဆုံပြီး နှစ်သိမ့်အားပေးစကားတွေ ပြောကြားပြီး ထောက်ပံ့ပစ္စည်းတွေကို လှူဒါန်းခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်း စစ်ပွဲတွေကြောင့် စစ်ဘေးဒုက္ခတွေကို တကမ္ဘာလုံး အတိုင်းအတာနဲ့ သိရှိ မျှဝေခံစားစေချင်တဲ့ဆန္ဒနဲ့ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းကို ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်နယ်အား/ကာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးလွင်က “ဝန်ကြီးချုပ်နဲ့တွေ့တဲ့အချိန်မှာ ဝန်ကြီးချုပ်ကလည်း ဒီကို လာစေချင်တဲ့ ရည်ရွယ်ချက်က ဒီကရင်ပြည်နယ်ရဲ့ စစ်ဘေးဒုက္ခကြောင့် ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခတွေကို မြင်တွေ့စေချင်တယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့လည်း တွေ့သွားစေချင်တယ်။ ဒီလို အခက်အခဲတွေ ကြားထဲနေပြီးတော့ ကရင်ပြည်နယ်မှာ ဒီလိုလေးတွေ ရှိနေသေးတယ်။ အဲဒါလေးတွေကို မျှဝေခံစားစေချင်တဲ့ ဆန္ဒနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ မယ်စကြဝဠာ မြန်မာအလှမယ် ၃၀ ဦးဟာ ရန်ကုန်မြို့မှာ ၆ ကြိမ်မြောက် ကျင်းပမယ့် ပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေတာဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲအတွက် အထူးအစီစဉ်တရပ်အနေနဲ့ ကရင်ပြည်နယ်ရဲ့ လူမှုရေးခရီးစဉ်အဖြစ် ရောက်ရှိလာပြီး၊ မြဝတီမြို့နယ် လေးကေကော်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော် ဆေးခန်းတို့ကို သွားရောက်ပြီး အားပေးစကား ပြောကြားပြီး ကျောင်းသုံးဗလာစာအုပ်၊ ရေသန့်ဘူး၊ အချိုရည်၊ ဆပ်ပြာ လူသုံးကုန်ပစ္စည်းတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကရင်ပြည်နယ် ခရီးစဉ်အတွင်း သြဂုတ် ၁၀ ရက်နေ့ ညနေ ၆ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမမှာ TALENT SHOW ပွဲ ကျင်းပပြုလုပ်မှာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို စစ်ဘေးရှောင်စခန်းများနဲ့ ကျန်လူမှုရေးအဖွဲ့အစည်းတွေကို ထောက်ပံ့လှူဒါန်းသွားမယ်လို့ သိရပါတယ်။ သတင်း - ရဲမင်းခေါင်
4 years Ago

February 16, 2016

စစ်ဘေးရှောင်ပြည်သူများ စီးနင်းလာသည့် ထော်လာဂျီ တိမ်းမှောက်၊ ၃ ဦးသေဆုံး (သတင်းဓာတ်ပုံ)

စစ်ဘေးရှောင်ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ ထော်လာဂျီယာဉ် တိမ်းမှောက်လို့ သံဃာတပါး အပါအ၀င် ၃ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက် ည ၇ နာရီကျော်လောက်မှာ ကျောက်မဲ-မိုးကုတ်လမ်း ပန်ကွမ်ရွာနဲ့ ပန်လင်ရွာကြားမှာ ထော်လာဂျီယာဉ်ဟာ လက်ဘက်ခြံ တောင်စောင်းထဲကို ထိုးကျသွားခဲ့တာပါ။ တိမ်းမှောက်သွားတဲ့ ယာဉ်ပေါ်မှာ ပါခါးကျေးရွာ၊ စာပို့ကျေးရွာ၊ တောင်ပို့လို့ကျေးရွာတွေက စီးနင်းလာတဲ့ စစ်ဘေးရှောင် ပြည်သူ ၄၀ လောက် လိုက်ပါလာတယ်လို့ သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ ပါခါးကျေးရွာကနေ ကျောက်မဲမြို့ကို စစ်ရှောင်ဖို့ ထွက်ခွာလာတုန်း အခုလို အဖြစ်မျိုးနဲ့ ကြုံရတာ ဖြစ်ပါတယ်။ အခင်းဖြစ်ရာကို လူမူရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံတွေက လိုက်ပါကူညီပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ  
6 years Ago
Up