စစ်ထောက်လှမ်းရေး

January 15, 2019

ယီမင်စစ်ထောက်လှမ်းရေး အကြီးအကဲ မိုဟမ်မက်ဒ် ဆာလေး တမ်မာ၏ ဈာပန ကျင်းပ

ယီမင် စစ်ထောက်လှမ်းရေးဌာန အကြီးအကဲ မိုဟမ်မက်ဒ် ဆာလေး တမ်မာရဲ့ ဈာပနကို ဇန်နဝါရီ ၁၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။ သူဟာ အရင်အပတ်က အာဒမ်မြို့အတွင်း ဟူသီတွေရဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာပါ။ အာဒမ်မြို့ဟာ ဆော်ဒီက ကျောထောက်နောက်ခံပေးထားတဲ့ သမ္မတ အဘ်ဒယ် ရာဘူ မန်ဆူးဟာဒီ ဦးဆောင်တဲ့ အစိုးရရဲ့ အမာခံမြို့ ဖြစ်ပါတယ်။ အီရန်နဲ့ မဟာမိတ် ဟူသီလှုပ်ရှားမှုကပိုင်တဲ့ ဒရုန်းယာဉ်တွေဟာ ဇန်နဝါရီ ၁၀ ရက်နေ့က လာဟက်ဂ်ျခရိုင် အယ်လ်အာနဒ်မြို့တွင်း စစ်တပ် အခြေစိုက်စခန်းထဲမှာ ကျင်းပနေတဲ့ ယီမင်အစိုးရ စစ်ရေးပြပွဲကို တိုက်ခိုက်ခဲ့တာပါ။ လူအတော်များများ သေဆုံးတယ်လို့ ဆော်ဒီနဲ့ ဟူသီ မီဒီယာတွေက ဖော်ပြကြပါတယ်။ အကြီးတန်းအရာရှိတွေ ထိုင်နေတဲ့ စင်မြင့်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ စစ်ဘက် သတင်းရင်းမြစ်က ပြောပါတယ်။ ယီမင်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဟူသီတွေနဲ့ ပင်လယ်နီဆိပ်ကမ်းမြို့ ဟိုဒေးဒါကို ကြီးကြပ်နေတဲ့ ဆော်ဒီ ကျောထောက်နောက်ခံပေးထားတဲ့ ဟာဒီရဲ့ အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ ကုလသမဂ္ဂက ကြိုးစားနေချိန်မှာ ခုလို တိုက်ခိုက်ခဲ့တာပါ။ ဒီအကြမ်းဖက်မှုအတွက် ထိတ်လန့်ကြောင်း ကုလသံတမန် မာတင် ဂရစ်ဖစ်သ်က ပြောခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်စရေး အရှိန်အဟုန်ကို ထိန်းသိမ်းဖို့နဲ့ ပါဝင်ပတ်သက်သူ အားလုံးက စိတ်ထိန်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
2 years Ago
Up