စစ်တွေ-ရန်ကုန် ကားလမ်းရေကြီး

August 1, 2015

ရခိုင် တွင် မြို့နယ် ၇ ခုလုံး ရေကြီး၊ ၉ ဦးသေ

ရခိုင်ပြည်နယ်၊ မြို့နယ် ၇ ခုမှာ ရဟတ်ယာဉ်ဆင်းဖို့ နေရာမရှိတဲ့ထိ ရေကြီးနေပြီး ရေဘေးကြောင့် သေဆုံးသူ ၉ ယောက်ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေမှာ မြို့ပေါ်နဲ့ ကျေးရွာတွေမှာပါ ရေကြီးနေတယ်လို့ သူက ပြောပါတယ်။ “ရွာလုံးကျွတ် မဟုတ်ဘူး မြို့ပါ မြုပ်နေတာ၊ အကုန်မြုပ်နေတာ၊ ရဟတ်ယာဉ်ဆင်းမယ်ဆိုရင်တောင် ဆင်းဖို့ နေရာ မရှိဘူး။ ရေက ၁၀ ပေ၊ ၁၅ ပေ အဲ့လိုမြုပ်တာလဲ မဟုတ်ဘူး၊ ၃ပေ - ၄ပေ လောက်ပေါ့။ ထွေအုပ်ရုံးတွေဆိုရင် ၄ ပေလောက်ရှိတယ်၊ ရေ ၄ ပေဆိုတော့ မြုပ်တာပေါ့ဗျာ၊ ရုံးမြုပ်တာပေါ့၊ တချို့ နိမ့်တဲ့နေရာတွေဆို ခေါင်မိုးလောက် မြှုပ်ပါတယ်။” မုန်တိုင်းအဖျားခတ်တာရယ်၊ မိုးကြီးတာရယ်၊ ရေထရက် ဒီရေတက်တာရယ် ပေါင်းဆုံပြီး ရေကြီးတာလို့ ပြောပါတယ်။ မြောက်ဦးမှာ မြစ်ကို ဖြတ်ကူးချိန် လှေမှောက်လို့ ၄ ယောက်သေဆုံးပြီး ပုဏ္ဏားကျွန်းမှာ အိမ်ပေါ် သစ်ပင်ပိလို့ ၁ ယောက်သေ၊ ကျောက်တော်မှာ ၁ ယောက်၊ မောင်တောမှာ လှေမှောက်လို့ ၃ ယောက် စုစုပေါင်း ၉ ယောက်သေဆုံးတယ်လို့ ပြည်နယ်အစိုးရစာရင်းအရ သိရပါတယ်။ ပြည်နယ်အတွင်း လတ်တလော ယာယီကယ်ဆယ်ရေးစခန်း ၅၃ ခု ဖွင့်ထားပြီး အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော်၊ လူဦးရေ ၁၈၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရပါတယ်။ ဒီကိန်းဂဏန်းတွေက လက်ရှိရရှိထားတဲ့ စာရင်းဇယားတွေထက် တိုးလာဖို့ပဲ ရှိတယ်လို့ ပြည်နယ်အစိုးရက ခန့်မှန်းထားပါတယ်။ ရေကြီး ရေကျော်နေတဲ့အတွက် တမြို့နဲ့ တမြို့ ကူးသန်းသွားလာလို့မရဘဲ အလှူရှင်တွေလည်း သွားကူလို့ မရသေးတဲ့ အခြေအနေဖြစ်ပြီး  ရေကျမှပဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်မယ်လို့ သိရပါတယ်။ ခန့်မှန်းခြေ နောက် ၂ ရက် ၃ ရက်လောက်မှာ ရေပြန်ကျနိုင်တယ်လို့ သိရပါတယ်။
6 years Ago

July 26, 2015

နိုင်ငံတ၀န်း ရေကြီး ရေလျှံမှုကြောင့် သီးနှံစိုက်ဧက သုံးသောင်းကျော် ထိခိုက်

ဇွန်-ဇူလိုင်လတွေမှာ နိုင်ငံအ၀န်း ရေကြီး ရေလျှံမှုတွေကြောင့် လက်ရှိအချိန်ထိသီးနှံစိုက်ဧက သုံးသောင်းကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တို့မှာ ထိခိုက်ပျက်စီးခဲ့တာလို့ လယ်ယာစိုက်ပျိုးရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ထိခိုက်ပျက်စီးတာ အများဆုံးက  စစ်ကိုင်းဖြစ်ပြီး ရေကြီးနစ်မြုပ်တဲ့ ဧက ၈၆၉၈၂ မှာ ဧက ၅၃၉၅၈ ပြန်ပေါ်ခဲ့ပေမယ့် ၂၆၁၃၂ ဧက ထိခိုက်ပြီး ၂၈၃၃ ဧက ပျက်စီးခဲ့တာပါ။ ရေကြီးရေလျှံမှုတွေ အကြီးအကျယ် ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ကောလင်းတ၀ိုက်မှာ ခန့်မှန်းခြေ လယ်ဧက ၂၀၀၀၀ နဲ့ ၃၀၀၀၀ ကျော်ကြား ပျက်စီးနိုင်တယ်လို့ ဒေသခံသတင်းသမား တယောက်က ပြောပါတယ်။ “စစချင်း ရထားတဲ့ စာရင်းတွေအရတော့ ရေလွှမ်းဧက ၃၄၀၀၀ ကျော်ရှိတယ်ဗျ။ ရေ၀င်သွားတဲ့ ဧက၊ ၂၀၀၀၀ ကျော် ပျက်တယ်ဆိုတာကတော့ ခန့်မှန်းပြီး တွက်တာ ဖြစ်မယ်၊ အရေးပေါ်အခြေအနေမှာလေ။ အကုန်လုံးပျက်မယ်ဆိုရင်တော့ ၃၄၀၀၀ ကျော်ရှိမယ်။ အဲ့ဒီတော့ ပျက်တဲ့ လယ်ဧကက အဲ့ဒီ ၂ ခုကြားမှာ ရှိလိမ့်မယ်၊ ဘာပဲပြောပြော ဆိုးဆိုးဝါးဝါး ထိခိုက်ဖို့ များသွားပြီ။” ဒီနေ့မှာပဲ ကောလင်းက ဌာနဆိုင်ရာဝန်ထမ်းတွေက အပျက်အစီးတွေလိုက်ကြည့်ပြီး စာရင်းပြုစုနေကြတကြောင့် နောက် ၃ ရက်လောက်မှာ တိကျတဲ့ ကိန်းဂဏန်းတွေ ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ မိုးလေ၀သဌာနကတော့ ပြည်နယ်တိုင်းအတော်များများမှာ မိုးဆက်လက် အားကောင်းနေဦးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
6 years Ago
More News
Up