စစ်တွေ စရဖတပ်ဖွဲ့ဝင်လုပ်ကြံခံရမှု စွပ်စွဲခံထားရသူ ၃ ဦးလွတ်မြောက်၊ ၁ ဦးကို စွဲချက်တင်

A d v e r t i s e m e n t With Us

July 15, 2019

စစ်တွေ စရဖတပ်ဖွဲ့ဝင်လုပ်ကြံခံရမှု စွပ်စွဲခံထားရသူ ၃ ဦးလွတ်မြောက်၊ ၁ ဦးကို စွဲချက်တင်

စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တဦး လုပ်ကြံခံလိုက်ရတဲ့အမှုတွဲမှာ သံသယနဲ့ ဖမ်းဆီး ခံထားရတဲ့ထဲက ရခိုင်လူငယ် ၃ ဦးကို ဒီကနေ့ ဇူလိုင် ၁၅ ရက်နေ့က စစ်တွေခရိုင်တရားရုံးက လွှတ်ပေးလိုက်ပြီး ကျန်တဦးကိုတော့ လူသတ်မှုပုဒ်မနဲ့ စွဲချက်တင်လိုက်ပါတယ်။ လွတ်မြောက်လာသူတွေကတော့ ကိုအောင်ဇော်လင်း၊ ကိုမေယုထွန်းနဲ့ ကိုခိုင်ဘိုဘိုတို့ဖြစ်ပြီး ကိုရဲဇော်ကတော့ စွဲချက်တင်ခံခဲ့ရပါတယ်။  စစ်ဆေးထားသမျှရလဒ်တွေအရ ၃ ဦးမှာ စွဲချက်တင်ဖို့ အကြောင်းမရှိဘူးဆိုပြီး လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နောက်တဦးကတော့ ဖြေရှင်းဖို့ အကြောင်းအရာ ပေါ်ပေါက်တဲ့အတွက် စွဲချက်တင်ခံရတာလို့ သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။ တရားလိုသက်သေ ၃၂ ယောက်တင်ထားတဲ့အနက် ၁၇ ယောက်ကို စစ်ဆေးလို့အပြီးမှာ သံသယနဲ့ ဖမ်းဆီခံရတဲ့ ၄ ယောက်အထဲက ၃ ယောက်ကို အခုလို လွှတ်ပေးလိုက်တာပါ။ လက်ရှိစွဲချက်တင်ခံထားရတဲ့ ကိုရဲဇော်အမှုမှာတော့ သူအပါအဝင် ခံပြသက်သေ ၆ ဦးကို ဆက်လက်စစ်ဆေးဖို့ ရှိနေတယ်လို့ ဒေါ်အေးနုစိန်ကပြောပါတယ်။ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) ဖိုးလုံး လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ ရခိုင်လူငယ် ၄ ဦးကို လူသတ်မှု ပုဒ်မ ၃၀၂/၃၄ နဲ့ စစ်တွေခရိုင် တရားရုံးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က အမှုစွဲတင်ခဲ့တာပါ။ အမှုစွဲတင်ခံရသူလေးဦးထဲမှာ ရဲအာမခံနဲ့ လွှတ်ပေးထားတဲ့ အောင်ဇော်လင်း၊ မေယုထွန်းနဲ့ ခိုင်ဘိုဘိုတို့လည်း ပါဝင်ခဲ့ပြီး သူတို့ ၃ ဦးကိုလည်း ဇန်နဝါရီ ၁၄ ရက်နေ့က ပြန်လည်ဖမ်းဆီး အမှုစွဲတင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က စစ်တွေမြို့၊ ဝင်္ကပါကွင်းမှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် တပ်ကြပ် ဝင်းထိုက် (ခေါ်) ဖိုးလုံးဟာ ဈေးရောင်းပွဲတော်မှာ အမည်မသိ သေနတ်သမားရဲ့ အနီးကပ်ပစ်ခတ်ခံရတာဖြစ်ပြီး ဆေးရုံကို ပို့ဆောင်တုန်း အသွားလမ်းမှာ သေဆုံးခဲ့ပါတယ်။ သတင်း-ဝဏ္ဏခွာညို
2 years Ago
Up