စစ်အခြေစိုက်စခန်း

August 30, 2018

အာဖဂန်တွင် စစ်အခြေစိုက်စခန်း တည်ဆောက်နေ ဆိုသည့်သတင်း တရုတ်ငြင်းဆို

အာဖဂန်နစ္စတန်နိုင်ငံထဲမှာ စစ်တပ်အခြေစိုက်စခန်းတခု တည်ဆောက်နေတယ်ဆိုတဲ့ သတင်းကို တရုတ်အစိုးရက သြဂုတ် ၂၉ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။ တရုတ်အစိုးရဟာ အာဖဂန်တပ်တွေအတွက် သင်တန်းပေးတဲ့ စခန်းတခု တည်ဆောက်နေပြီး တရုတ်စစ်သားတွေကိုပါ စေလွှတ်နိုင်တယ်လို့ ဟောင်ကောင်သတင်းစာ တစောင်က ရေးသားအပြီးမှာ ခုလို ငြင်းဆိုလိုက်တာပါ။ တရုတ်-အာဖဂန် နှစ်နိုင်ငံလုံးကို ချိတ်ဆက်ထားတဲ့၊ ကျဉ်းမြောင်းတဲ့ ဝါခန် စင်္ကြံန်လမ်းမှာ စခန်းတည်ဆောက်နေတယ်လို့ အမည်မဖော်လိုတဲ့ တရုတ်စစ်တပ်နဲ့ပတ်သက်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး The South China Morning Post သတင်းစာက ရေးခဲ့တာပါ။ ဒီအစီရင်ခံစာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချန်းယဉ်က ပယ်ချလိုက်ပြီး သတင်းစာပါ အချက်တွေ မမှန်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မနှစ်က တရုတ်အစိုးရဟာ အာဖရိက ဦးချိုစွန်းနိုင်ငံ ဒီဘောင်တီ (Djibouti) မှာ ပြည်ပ စစ်တပ်အခြေစိုက်စခန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ပါတယ်။ တရုတ်ဟာ တခြား နိုင်ငံခြားစစ်စခန်းတွေအတွက် အစီအစဉ်တွေအားလုံးကို ငြင်းခဲ့ဖူးပါတယ်။ အမေရိကန်ကတော့ တရုတ်ဟာ နောက်ထပ် စစ်စခန်းတွေ ပိုဆောက်ဦးမယ်လို့ မျှော်လင့်ထားပြီး ဖြစ်နိုင်ချေရှိတဲ့ နေရာကတော့ ပါကစ္စတန်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
3 years Ago

March 27, 2018

အမေရိကန် စစ်အခြေစိုက် စခန်းများတွင် ဖောက်ခွဲရေးပစ္စည်းပါသည့် အထုပ်များတွေ့ရှိ

ဝါရှင်တန်မြို့တွင်းနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေပါတဲ့ အထုပ်တွေကို မတ်လ ၂၆ ရက်နေ့မှာ တွေ့ခဲ့တယ်လို့ FOX, CNN နဲ့ NBC စတဲ့ အမေရိကန်အခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။ မသင်္ကာဖွယ် အထုပ်တွေကို ဝါရှင်တန်က ဖော့ဒ်မစ်နဲစစ်စခန်း၊ အန်နာကိုစတီယာ-ဘိုလင်း ပူးတွဲအခြေစိုက်စခန်း၊ ဗာဂျီးနီးယားပြည်နယ် Fairfax စီရင်စုနယ်က ဖော့ဒ်ဘဲလ်ဗီယော စခန်းတွေမှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။ ဒါ့ကြောင့် စုံစမ်းစစ်ဆေးတာတွေ လုပ်နေပြီလို့ သိရပါတယ်။ ဒါ့ပြင် မသင်္ကာစရာအထုပ်တွေကို အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) နဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို လုံခြုံရေးယူပေးနေတဲ့ Secret Service အဖွဲ့တို့ရဲ့ စာပို့၊ စာယူ အဆောက်အအုံမှာလည်း တွေ့ခဲ့တယ်လို့ NBC သတင်းမှာ ဖော်ပြပါတယ်။ အနက်ရောင်အမှုန့်တွေနဲ့ ဆားကစ်ပြားပါတဲ့ သမင်္ကာဖွယ် အထုပ်တွေကို မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းမှာ တွေ့ခဲ့တာပါ။ ဒီအထုပ်တွေ တခုနဲ့တခု ဆက်နွှယ်မှုရှိ၊ မရှိ မသိရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up