စစ်အာဏာရှင်ကို မုန်းတယ်

February 1, 2018

စစ်အာဏာရှင်ကို မုန်းတယ်

အသုံးအနှုန်းပြဿနာ၊ ဝေါဟာရပြဿနာဆိုတာ ရှင်းရှင်းလင်းလင်းမသိရင် နားလည် သဘောပေါက်မှု မရှိရင် ပြဿနာ တော်တော်ရှုပ်ပါတယ်။ တချိန်တည်းမှာ အထိမခံဘဲ Sensitive ဖြစ်လွန်းရင်လည်း အမှိုက်ကစ ပြာသာဒ်မီးလောင်တဲ့ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ဖူးတာပဲ။ အပြောမတတ်တော့ ဆဲသလိုဆိုတဲ့ စကားလိုပဲ အထိမခံ အပြောမခံတဲ့ လူမျိုးဆိုရင် ပေါက်ကွဲတတ်တာဟာ လူမှုဆက်ဆံရေး နယ်ပယ်မှာရော လူထုလူတန်းစား အသီးသီးမှာရော ရှိနေပါတယ်။ နိုင်ငံရေးနယ်ပယ်၊ အုပ်ချုပ်ရေးနယ်ပယ်မှာ အဲဒီလို အသုံးအနှုန်းတွေကို ဝန်ချ တောင်းပန်ရတာတွေ၊ ပြောပြီးတဲ့စကား ပြန်ရုပ်သိမ်းရတာတွေ ရှိခဲ့ဖူးပါတယ်။ ဥပမာ- ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ အရပ်ဘက်ကသာ စစ်ဘက်အပေါ် လွှမ်းမိုးရမယ်ဆိုတဲ့ စာအုပ်ကြီးပါ ဥပဒေသတွေကို ပြောလို့ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ စစ်အာဏာရှင်အရိပ် လွှမ်းမိုးတဲ့ အခြေအနေတွေကြောင့် ပြောပြီးသားစကားကို ပြန်ရုပ်သိမ်းရတာတွေ ကြုံဖူးပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ညွှန်ကြားရေးမှူးချုပ် အဆင့်အတန်းသာ ရှိတယ်လို့ အင်္ဂါစဉ်ဆိုတဲ့ စာအုပ်ကြီးပါ အမှန်အတိုင်း ပြောမိလိုက်တာကြောင့် တပ်မတော်ကနေ ကန့်ကွက်ပြီး အရေးယူဖို့ တောင်းဆိုတာကြောင့် ပြန်တောင်းပန်ရတဲ့ သတင်းကို သိရှိပြီးပါပြီ။ အဲဒီလိုပဲ တော်လှန်ရေးသမား၊ သူပုန်၊ သောင်းကျန်းသူ၊ အဖျက်သမား စတဲ့ ဝေါဟာရတွေနဲ့ စွပ်စွဲခံရတဲ့ လက်နက်ကိုင် တော်လှန်ရေးသမားတွေအပေါ် အကြမ်းဖက်သမားလို့ အမည်ပေးပြီး လွှတ်တော်မှာ အဲဒီလို အကြမ်းဖက်သမား အသုံးအနှုန်းသုံးဖို့ တင်ပြတာကြောင့် ပြည်နယ်လွှတ်တော်တခုမှာ လက်ခံလိုက်ရတာကိုလည်း ကျနော်တို့ သိရှိခဲ့ပြီးပါပြီ။ တကယ်တော့ အကြမ်းဖက်သမားဆိုတဲ့ ဝေါဟာရဟာ နောက်ပိုင်းမှ ပေါ်လာတာပါ။ ၁၉၄၇ ခုနှစ်နောက်ပိုင်းမှာ ပါလက်စတိုင်းဒေသကို ဂျူးတွေက အင်္ဂလိပ်၊ ပြင်သစ် အကူအညီနဲ့ လက်နက်ကိုင်တိုက်ခိုက်ကာ ပါလက်စတိုင်း သန်းပေါင်းများစွာ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂိုလန်ဒေသဆီ မောင်းထုတ်ပြီးနောက် ဂျော်ဒန်မြစ် အနောက်ဘက်ခြမ်းနဲ့ အရှေ့အလယ်ပိုင်းဒေသဆီ ရောက်သွားတာကြောင့် ပါလက်စတိုင်းတို့ ထရပ်ကားအပြည့် ဗုံးတွေတင်၊ စစ်စခန်းတွေထဲ အသေခံ ဗုံးခွဲတာကြောင့် အကြမ်းဖက်သမားဆိုတဲ့ ဝေါဟာရ အဲဒီကစပြီး ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ ဖြစ်လာခဲ့တယ်။ အကြမ်းဖက်သမားတွေ အားကောင်းလာခဲ့တာ အမေရိကန်လို နိုင်ငံမျိုးမှာတောင် တုန်လှုပ်ခဲ့ရသလို မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာလည်း ARSA လို ဘင်္ဂါလီ အကြမ်းဖက်သမားတွေဟာ မြန်မာပိုင်နက်ကို စော်ကားလာတဲ့ အဖြစ်တွေနဲ့ ကြုံခဲ့ရတာပါပဲ။ ဒါပေမယ့် အကြမ်းဖက်သမားဟာ သူပုန် မဟုတ်သလို နိုင်ငံရေးအရ အစိုးရကို ဆန့်ကျင်တိုက်ခိုက်တဲ့ သောင်းကျန်းသူလည်း မဟုတ်ပါဘူး။ အင်္ဂလိပ် ဝေါဟာရအရဆိုရင် အကြမ်းဖက်သမား Terrorist ဖြစ်ပြီး သောင်းကျန်းသူ၊ သူပုန်ဆိုရင် Rebellion Revolutionary Insurgent လို့ပဲ ကမ္ဘာက အသိအမှတ်ပြုပါတယ်။ တံတားဖျက်တာ မီးရှို့တာတွေ ရှိချင်ရှိမယ်။ မိုင်းဗုံးထောင်တာတွေလည်း ရှိချင်ရှိလိမ့်မယ်။ ဒါက တားဆီးတိုက်ခိုက်တာ ဖြစ်တယ်။ ပြည်သူတရပ်လုံး ထိခိုက်အောင် တိုက်ခိုက်တာ မဟုတ်ဘူး။ ဒါကြောင့် အကြမ်းဖက်သမားလို့ မသုံးနှုန်းနိုင်ပါဘူး။ ယခုတလော ဝေါဟာရ ပြဿနာတခု ပေါ်လာတာကတော့ အာဏာရှင် ဆိုတာပါပဲ။ အာဏာရှင်ဆိုတာက အကြမ်းဖက်သမားလို နောက်မှပေါ်တာ မဟုတ်ဘူး။ ဟိုးရှေး အတည်အတေ ရောမခေတ်လောက်ကတည်းကိုက အာဏာရှင်ဆိုတာကို သုံးနှုန်းခဲ့ကြတာပဲ။ အာဏာရှင်၊ စစ်အာဏာရှင်၊ တပါတီအာဏာရှင် စတဲ့ ဝေါဟာရတွေကို ကျင့်သုံးတဲ့သူတွေကိုယ်တိုင် လက်ခံပြီး ကျိုးကြောင်းဆီလျော်တဲ့ အခြေအနေတရပ်မှာ ပေါ်ပေါက်လာတာ ဖြစ်တာကြောင့် ဖြစ်တည်နေတဲ့ အခြေအနေအရကို အာဏာရှင်ဆိုတာ၊ စစ်အာဏာရှင် ဆိုတာကို လက်မခံလို့ မရပါဘူး။ ပညာရှင်တွေ ရေးသားခဲ့တဲ့ အဘိဓာန်တွေထဲမှာလည်း ပါပြီးပါပြီ။ Dictionary of Politics ထဲမှာလည်း ဒီအသုံးအနှုန်းတွေကို အဓိပ္ပာယ် ဖော်ဆောင်ထားခဲ့ကြပါတယ်။ ဆိုလိုတာကတော့ လူထုက ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်က ခွင့်ပြုထားတဲ့ ရွေးကောက်ပွဲအရ အာဏာရလာတဲ့ လူထုအစိုးရကို စစ်တပ်က အာဏာသိမ်းပြီး ခဏပဲ ဖြစ်စေ၊ နှစ်ပေါင်းများစွာပဲ ဖြစ်စေ၊ လူထုဆန္ဒမပါဘဲ အာဏာရယူ အုပ်ချုပ်နေရင် အာဏာရှင်စနစ်လို့ သတ်မှတ်ရပါတယ်။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးက အဆုံးအဖြတ်ပေးပြီး စစ်ဗိုလ်ချုပ်တစုက စီမံခန့်ခွဲနေရင် စစ်အာဏာရှင်စနစ်လို့ သတ်မှတ်ရပါတယ်။ ဒါဟာ အမှန်တကယ် ဖြစ်တည် တည်ရှိနေတာပါပဲ။ မိမိဆန္ဒနဲ့ ဒီဝေါဟာရ ပေါ်လာတာ မဟုတ်ဘူး။ တမင်သက်သက် အရှက်ခွဲ၊ အပြစ်တင် ရှုတ်ချတဲ့ ဝေါဟာရလည်း မဟုတ်ပါဘူး။ အာဏာရှင်စနစ် ဆိုတာကို ယခုလို အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ Dictatorship Dictatorship  is a form of government in which one person has sole and complete political power. In antiquity, a temporary dictator was often appointed as an emergency measure by state which were normally organized in some other fashion. The Roman Republic appointed dictators during military crises(the term actually originates from this practice) and the ancient Greek city state sometime gave supreme Law-making power to individuals, for example Solon in 594-93 BC,when civic unity was seriously threatened. ပဒေသရာဇ်စနစ် ကျဆုံးပြီးတဲ့နောက် အရင်းရှင်စနစ် လွှမ်းမိုးလာတဲ့ကာလ၊ လွှတ်တော်ဆိုတာက အာဏာယူပြီး လူထုက မိမိတို့ ကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ကာ ပါလီမန်ထူထောင်၊ ပါလီမန်ကပဲ အစိုးရအဖွဲ့ ဖွဲ့၊ ဒါကို လူထုအစိုးရ ပါလီမန်အစိုးရလို့ သတ်မှတ်တဲ့ လစ်ဘရယ်ဒီမိုကရေစီခေတ်မှာ လူတစု ဒါမှမဟုတ် စစ်တပ်က အာဏာသိမ်းယူပြီး အုပ်ချုပ်တဲ့အခါ ဒါမှမဟုတ် လူထုတင်မြှောက်တဲ့ အစိုးရအဖွဲ့ ယာယီအကျပ်အတည်း တွေ့နေတဲ့အခါ စစ်တပ်ကို ယာယီအာဏာအပ်တဲ့အခါ အာဏာအပ်ခံရတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ စစ်ကောင်စီဟာ စစ်အာဏာရှင်တွေ ဖြစ်လာတယ်။ စစ်အာဏာရှင်စနစ်လို့လည်း ဝေါဟာရ တွင်လာပါတယ်။ လူထုကရွေးတဲ့ ပါတီမျိုးကလည်း မိမိပါတီပဲ အာဏာရအောင် အတင်းအကျပ် အာဏာနဲ့ ခြိမ်းခြောက်၊ မိမိလက်အောက်က စစ်တပ်နဲ့ ခြိမ်းခြောက်ပြီး အာဏာနဲ့ ထင်ရာစိုင်းလာရင်လည်း အာဏာရှင် ဖြစ်လာတာပါပဲ။ သမိုင်းမှာ ဖြစ်ပေါ်ခဲ့ရာမှာ ဂျူးလီးယက်ဆီဇာတို့၊ နပိုလီယံတို့ ဆိုတာာ အာဏာရှင်တွေ ဖြစ်သလို ဟစ်တလာတို့၊ မူဆိုလီနီတို့၊ ဖရန်ကိုတို့၊ တိုဂျိုတို့ ဆိုတာလည်း အာဏာရှင်တွေပဲ။ ရက်စက်ရမ်းကားလွန်းတော့ ဖက်ဆစ်တွေတောင် ဖြစ်လာတာပဲ မဟုတ်လား။ ဂရိနိုင်ငံတွေမှာဆိုရင် တခါတရံ အကြွင်းမဲ့အာဏာရှင် ကျင့်သုံးပြီး အုပ်ချုပ်လာတဲ့အခါ အာဏာရှင် ဖြစ်တာပဲ။ ဘီစီ ၅၉၄-၅၉၃ ကာလတွေမှာ ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တိုင်းပြည် အကျပ်အတည်း တွေ့တယ်ဆိုပြီး စစ်တပ်က အာဏာသိမ်းပြီး အများဆန္ဒနဲ့ မအုပ်ချုပ်ဘဲ စစ်ကောင်စီ ဗိုလ်ချုပ်ကြီးကပဲ အုပ်ချုပ်ရင် အာဏာရှင်၊ စစ်အာဏာရှင်လို့ပဲ ဆိုရမယ်။ မြန်မာနိုင်ငံမှာ ၁၉၅၈ ကနေ ၁၉၆၀ အထိ ဦးနုရဲ့ သဘောတူညီချက်နဲ့ အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီခေတ်ကို အာဏာရှင်ခေတ်၊ အာဏာသိမ်းတဲ့ ခေါင်းဆောင်ကို စစ်အာဏာရှင်လို့ ခေါ်ရပါမယ်။ ဒါဟာ မလိုလို့ ခေါ်ဝေါ်တာ မဟုတ်ဘူး။ ဒါဟာ ဝေါဟာရ အသုံးအနှုန်းလို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ကွန်မြူနစ်တွေ အာဏာရလာတဲ့ ကာလ၊ တော်လှန်ရေးအဖြစ်နဲ့ လူတန်းစားတိုက်ပွဲ သတ်မှတ်ပြီး အရင်းလူတန်းစားကို တိုက်ခိုက်ပြီး အာဏာရယူအုပ်ချုပ်တဲ့ အချိန်ကို ပစ္စည်းမဲ့ အာဏာရှင်စနစ်လို့ ကွန်မြူနစ်ပါတီနဲ့ ကွန်မြူနစ်တွေကိုယ်တိုင် လိုလိုလားလား ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ ဒါကို သူတို့က ဘော်ရှီဗစ်တွေရဲ့ ပစ္စည်းမဲ့ အာဏာရှင်စနစ် Dictatorship of the Proletariat လို့ သုံးနှုန်းကြတယ်။ ကွန်မြူနစ်တွေရဲ့ ပစ္စည်းမဲ့အာဏာ ဆိုတာဟာ အလုပ်သမား လူတန်းစားရဲ့ အာဏာကို ခေါ်တယ်။ အလုပ်သမား လူတန်းစားဆိုတာ တိုင်းပြည်မှာ အများဆုံးနဲ့ အင်အားအကောင်းဆုံးဖြစ်တဲ့ စက်ရုံ၊ အလုပ်ရုံက အလုပ်သမားတွေ၊ မဟာမိတ်ဖြစ်တဲ့ လယ်သမားတွေရဲ့ အာဏာကို ဆိုလိုတာပဲ။ အောက်ခြေလူတန်းစား တိုင်းပြည်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ရှိတဲ့ လူတွေရဲ့ အာဏာကို ခေါ်တာပဲ။ လစ်ဘရယ်ဒီမိုကရေစီစနစ်ရဲ့ လွှတ်တော်ဆိုတာဟာ အလုပ်သမား၊ လယ်သမားတွေ၊ အာဏာရတဲ့ စိုးပိုင်တဲ့ လွှတ်တော် မဟုတ်ဘူး။ အဲဒီလွှတ်တော်ဟာ အရင်းရှင်လူတန်းစားရဲ့ လွှတ်တော်ဖြစ်တယ်။ အောက်ခြေလူတန်းစား အာဏာရတာ မဟုတ်ဘူး။ အရင်းရှင် လူတန်းစား အာဏာရတာဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ ၁၉၁၇ ခုနှစ်မှာ ရုရှားနိုင်ငံမှာ ဘော်ရှီဗစ်တွေက တော်လှန်ရေးဆင်နွှဲပြီး အာဏာသိမ်းယူတာဟာ ပစ္စည်းမဲ့ အာဏာရှင်စနစ်ကို ထူထောင်လိုက်တာ ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါကြောင့် အာဏာရှင်ဆိုတဲ့ Dictatorship ကို လေးလေးနက်နက် လိုလိုလားလား သဘောတွေ့တွေ့ လက်ခံခေါ်ဝေါ်ကြတာက ကွန်မြူနစ်တွေပါပဲ။ ဖော်ပြခဲ့တဲ့ သတ်မှတ်ချက်တွေ၊ အခြေအနေတွေနဲ့ ကိုက်ညီရင် အာဏာရှင်စနစ် ဆိုတာ ရှိသလို အာဏာရှင် ဆိုတာလည်း ရှိတာပဲ။ အဲဒါကို Dictionary of Politics မှာ ယခုလို အဓိပ္ပာယ်ဖွင့်ဆိုထားခဲ့ပါတယ်။ Dictatorship of the Proletariat This is one of the concepts taken from Marx’s writing by the early:leders of the Bolshevik wing of the All-Russian Social Democratic Labour Party (later the Commmunist Party of the Soviet Union), especially by Lenin,and used to justify the dominant role of the Communist Party in the state. According to the developed Marxist-Leninist doctrine,immediately after the revolution –ary overthrow of capitalism there will be an intermediate period during which the party,as the vanguard of the proletariat,will have to exercise political and economic control in a “dictatorship of the Proletariat” ဒါကြောင့် အာဏာရှင်တို့၊ အာဏာရှင်စနစ်တို့၊ စစ်အာဏာရှင်တို့၊ စစ်အာဏာရှင်စနစ် Military Dictatorship ဆိုတာ သမိုင်းမှာ အမှန်တကယ် ဖြစ်တည်ခဲ့သလို ဒီစနစ်တွေ လွှမ်းမိုးမှုဟာလည်း ယခုထက်တိုင် တည်ရှိနေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ ပြည့်နှစ်အထိ တကြိမ်၊ ၁၉၆၂ ခုနှစ်က နေ ၁၉၇၄ ခုနှစ်အထိ တကြိမ်၊ တည်ရှိခဲ့ပြီး ၁၉၇၄ ကနေ ၁၉၈၈ အထိ မြန်မာ ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ တပါတီ အာဏာရှင်စနစ် ဖြစ်တည်ခဲ့သလို ၁၉၈၈ ကနေ ၂၀၁၀ အထိ စစ်အာဏာရှင်စနစ် အာဏာသိမ်းပြီး လွှမ်းမိုးခဲ့၊ အုပ်ချုပ်ခဲ့တယ် မဟုတ်ပါလား။ ယခုအချိန်ထိ စစ်အာဏာရှင်စနစ်အောက်မှာ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ယနေ့အထိ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေရတာကြောင့် စစ်အာဏာရှင်စနစ် လွှမ်းမိုးနေဆဲဆိုတာ လက်ခံဖို့လိုတယ်။ အမှန်တရား မဖြစ်ဖို့လည်း လိုတယ်။ ဒီဖြစ်စဉ်ကို အစိုးရက၊ လွှတ်တော်ကိုယ်စားလှယ်တိုင်းက၊ ပါတီဝင်တိုင်းက လက်ခံမှသာလျှင် စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ပါလိမ့်မယ်။ Ref: The Routledge Dictiomary of Politics ထက်မြက်
4 years Ago
Up