စစ်အမှတ်အသားပါ

May 8, 2018

စစ်အမှတ်အသားပါ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးအရေးယူ

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသက စစ်အမှတ်အသားတွေနဲ့ လိုင်စင်မဲ့ယာဉ် မောင်းနှင် သုံးစွဲသူတွေကို ရန်ကုန်နဲ့ မန္တလေးမှာ  ဖမ်းဆီးပြီး အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ မေလ ၆ ရက် ညနေ ၄ နာရီခွဲအချိန်က တပ်မတော်သားတွေနဲ့ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ မြေနီကုန်း ဒဂုံစင်တာ ၁ ရှေ့မှာ  ဦးစိန်မောင်မြင့်(ခ)ဦးစိန်ကုလား မောင်းနှင်လာတဲ့ တန/၁(ကြယ်) ××××(တ) Toyota High Lander အမျိုးအစား ကားကို စမ်းချောင်းမြို့မရဲစခန်းကို ခေါ်ယူ စစ်ဆေးရာမှာ ဗိုလ်မှူးအဆင့်တံဆိပ် တပ်ဆင်ထားတဲ့ နယ်ခြားစောင့် ဘက်တံဆိပ်ပါတဲ့ ယူနီဖောင်းတွေ၊ စစ်ဝတ်အဆင်တန်ဆာတွေနဲ့ နယ်ခြားစောင့်တပ်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ၊ စိစစ်ရေးကတ်တွေကို တွေ့ရှိရပါတယ်။ ဒါကြောင့် နယ်ခြားစောင့်တပ်ကို ဆက်သွယ်ရာမှာ သူဟာ ၂၀၁၈  ဧပြီလ ၇ ရက်နေ့က စပြီး အမှတ် ၁ တပ်နယ် မြိုင်ကြီးငူက ထုတ်ပယ်ထားသူဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။ မောင်းနှင်နေတဲ့ ကားဟာလည်း လိုင်စင်မရှိတာကြောင့်  ဦးစိန်မောင်မြင့်(ခ) ဦးစိန်ကုလားကို စစ်ဝတ်တန်ဆာ၊ စစ်အမှတ်သားကိုင်ဆောင်မှု၊ ရာဇသတ်ကြီးပုဒ်မ ၁၄၀၊ ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့  အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အလားတူ မေလ ၅ ရက်ညနေပိုင်းကလည်း တပ်မတော်သားတွေနဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေဟာ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၂ လမ်း၊ ၇၃x၇၄ လမ်းကြားမှာ တပ်မတော်ယာဉ် အယောင်ဆောင် မော်တော်ယာဉ် ၁ စီး ရပ်တန့်ထားတဲ့ သတင်းအရ သွားရောက်စိစစ်ရာမှာ တန/၁ ကြယ် ×××× (က) နံပါတ် တပ်ဆင်ထားတဲ့ Toyota High Lander အမျိုးအစား စစ်စိမ်းကားကို တွေ့ရပြီး ယာဉ်မောင်း ခင်ဇော်နဲ့ ညွန့်ဝင်းတို့ကိုလည်း တွေ့ရှိ မေးမြန်းခဲ့ပါတယ်။ သူတို့နဲ့အတူ အဲဒီကားနဲ့ ပတ်သက်တဲ့ အထောက်အထားတွေအဖြစ် အမှတ် ၁ တပ်နယ် နယ်ခြားစောင့်တပ် မြိုင်ကြီးငူအထူးဒေသ ကရင်ပြည်နယ် ဘက်တံဆိပ်တွေ၊ ဗိုလ်မှူး စောစိုးနိုင်နဲ့ ဗိုလ်မှူး စိန်မောင်မြင့်တို့ လက်မှတ်ရေးထိုးထားတဲ့ စာရွက်စာတမ်းတွေ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် သူတို့ကို အမှတ် ၁၆၁ တပ်ထိန်း(နန်းတွင်း)ကို ခေါ်ယူပြီး အသေးစိတ် စစ်ဆေးရာမှာ စစ်စိမ်းရောင်ကားဟာ လိုင်စင်မဲ့ကား ဖြစ်နိုင်ကြောင်းသိရလို့ မေလ ၆ ရက် ညမှာ လိမ်လည်မှု၊ အမှတ်အသားတံဆိပ် အတုပြုလုပ်မှု၊ စစ်အမှတ်အသား ကိုင်ဆောင်ပြီး အယောင်ဆောင်မှုတွေအတွက် ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/၁၄၀ တွေနဲ့ ချမ်းအေးသာစံ မြို့မရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်။ သူတို့နဲ့ အတူမိတဲ့ Toyota High Lander ကိုတော့ တရားဝင် မှတ်ပုံတင်ထားတာ ရှိ၊ မရှိ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး
3 years Ago
Up