စစ်ရာဇဝတ်မှု

A d v e r t i s e m e n t With Us

July 9, 2019

ကွန်ဂို စစ်ခေါင်းဆောင်ဟောင်းကို စစ်ရာဇဝတ်မှုများအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်

နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICJ) တရားသူကြီးတွေက ကွန်ဂို စစ်ခေါင်းဆောင်ဟောင်း ဘော့စ်ကို အန်တာဂန်ဒါကို လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ကလေးငယ်တွေကို စစ်မှုမထမ်းမနေရ ခိုင်းစေမှုတွေ အပါအဝင် စစ်ရာဇဝတ်မှု စွဲချက်တွေအတွက် အပြစ်ရှိတယ်လို့ ဇူလိုင် ၈ ရက်က ဆုံးဖြတ်လိုက်ပါတယ်။ အသက် ၄၅ နှစ်အရွယ် အန်တာဂန်ဒါဟာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံအတွင်း ၂၀၀၂ နဲ့ ၂၀၀၃ ခုနှစ်တွေမှာ နိုင်ငံအရှေ့ပိုင်းက ကွန်ဂိုသူရဲကောင်းများသမဂ္ဂ ပြည်သူ့စစ်အဖွဲ့ အကြီးအကဲ ဖြစ်နေချိန်မှာ ဒီလုပ်ရပ်တွေကို ကျူးလွန်ခဲ့တာပါ။ ကြားနာပွဲနှောင်းပိုင်းမှာ သူ့အတွက်ပြစ်ဒဏ်ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာက ရည်ညွှန်းထားတဲ့ သက်သေအားလုံးကို ကြားနာအပြီးမှာ တရားရုံးက သူ့ကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက် အကျဉ်းချုပ်ကို တရားသူကြီး ရောဘတ်ဖရီမီယာက ဖတ်ပြခဲ့ပါတယ်။ အဲဒီနောက် အန်တာဂန်ဒါကို စွဲဆိုထားတဲ့ စွဲချက် ၁၈ ချက်လုံးအတွက် အပြစ်ရှိကြောင်း ဆက်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။ တချို့စွဲချက်တွေမှာ သူဟာ ပူးတွဲကျူးလွန်သူဖြစ်ပြီး တချို့စွဲချက်တွေမှာ တကိုယ်တော် တာဝန်ရှိသူဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရှေ့နေကတော့ အန်တာဂန်ဒါဟာ စစ်စည်းကမ်း ချိုးဖောက်တဲ့သူတွေကို အပြစ်ပေးတာနဲ့ သူ့တပ်ဖွဲ့ဝင်တွေကြား စည်းကမ်းလိုက်နာအောင် ထိန်းသိမ်းဖို့ ကြိုးစားတာသာ ဖြစ်တယ်လို့ ပြန်လှန် ငြင်းခုန်ပါတယ်။ သူဟာ အသနားခံဖို့ အချိန် ရက် ၃၀ ရထားပါတယ်။ ကွန်ဂို ပဋိပက္ခအတွင်း ဟေမာလူမျိုးစု ကြီးစိုးတဲ့ အန်တာဂန်ဒါရဲ့ UPC အဖွဲ့ဟာ သတ္တုကြွယ်ဝတဲ့ အစ်တူရီဒေသကနေ လန်ဒူလူမျိုးစုကို နှင်ထုတ်ဖို့ ပစ်မှတ်ထားခဲ့သလို ရာနဲ့ချီတဲ့ အရပ်သားတွေ အသတ်ခံရပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
2 years Ago
Up