စစ်ဗိုလ်ချုပ်များ အာဏာကို ကြာရှည်ကိုင်စွဲထားပါက စီးပွားရေး ပိုဆိုးမည်ဟု သက်ဆင် ပြော

A d v e r t i s e m e n t With Us

February 24, 2016

စစ်ဗိုလ်ချုပ်များ အာဏာကို ကြာရှည်ကိုင်စွဲထားပါက စီးပွားရေး ပိုဆိုးမည်ဟု သက်ဆင် ပြော

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က လက်ရှိ ထိုင်းနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာကို ကြာရှည်ကိုင်စွဲထားရင် စီးပွားရေး အခက်တွေ့မှုကို ပိုဆိုးစေလိမ့်မယ်လို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က သတိပေးလိုက်ပါတယ်။ အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ မေလ ၂၀၁၄ အာဏာသိမ်းမှုအပြီး စစ်အစိုးရက အုပ်ချုပ်နေတာပါ။ ပြည်ပတင်ပို့ကုန်ကျဆင်းပြီး တအိမ်ထောင်ချင်း ကြွေးမြီထူပြောလာနေချိန်မှာ တိုင်းပြည်စီးပွားရေး ပြန်နာလံထအောင် ကြိုးစားရုန်းကန် နေကြဆဲပါ။ စီးပွားရေး တလွဲစီမံခန့်ခွဲမှုဟာ အစိုးရ အာဏာမြဲရေးအတွက် အကြီးဆုံး ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ဝေဖန်ရေးသမားတွေက ပြောပါတယ်။ စစ်အစိုးရဟာ အမြင်ရော စီးပွားရေးကို ကောင်းအောင်လုပ်ဖို့ ပါရမီပါ မရှိဘူးလို့ အသက် ၆၆ နှစ်အရွယ် သက်ဆင်က စင်ကာပူမှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ သူတို့ ကြာကြာ အာဏာယူထားရင် စီးပွားရေး အခက်တွေ့မှု ကြုံလာလိမ့်မယ်လို့လည်း ပြောပါတယ်။ သက်ဆင်က နိုင်ငံရေးကနေ လုံးဝ အနားယူလိုက်ရင် အပြန်အလှန်အနေနဲ့ သူနဲ့ မိသားစုပိုင် အကျိုးစီးပွားတွေကို စစ်တပ်က မထိဘဲထားမယ်ဆိုတဲ့ တိတ်တိတ်ပုန်း အပေးအယူကိစ္စကို ရင်ဆိုင်နေရတယ်ဆိုတဲ့ အချက်ကို သက်ဆင်က ငြင်းပါတယ်။ ဒါမျိုး ဘယ်သူနဲ့မှ မပြောဖူးဘူး၊ အဲလိုလုပ်ဖို့ မလိုဘူးလို့ သက်ဆင်က ပြောပါတယ်။ ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲအတွက် ဆော်သြရေး ဆန္ဒပြကြဖို့ ရှပ်နီ နောက်လိုက်တွေကို တိုက်တွန်းခဲ့ပါသေးတယ်။ ဒီအရေးက စစ်တပ်နဲ့ ထိပ်တိုက်တွေ့ပြီး အဆုံးသတ်ခဲ့ကာ လူအယောက် ၉၀ ကျော် သေဆုံးပါတယ်။ ကျေးရွာ လူမှုဖူလုံရေးနဲ့ ကျေးလက်ချေးငွေတွေ ချပေးဖို့ မူဝါဒကြောင့် သက်ဆင်ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ကျေးလက်ဒေသ ရှပ်နီတွေကြားမှာ သူရဲကောင်းဖြစ်ခဲ့ပြီး လေးစားမှု အကြီးအကျယ် ရထားပါတယ်။ မြို့ပြရေပေါ်ဆီတွေ အပါအဝင် ဝေဖန်ရေးသမားတွေကတော့ ရဲမှူးကြီးဟောင်း၊ တယ်လီကွန် သူဌေးကြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ အဂတိလိုက်စားမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ သက်ဆင်ဟာ တကိုယ်တော်ပြည်ပြေးအဖြစ်နဲ့ နေတာ ၈ နှစ်နီးပါးရှိပြီး အများအားဖြင့် ဒူဘိုင်းမှာ နေထိုင်ပါတယ်။ သူငယ်ချင်းဟောင်းတွေ အစိုးရခေါင်းဆောင်ဟောင်းတွေနဲ့ တွေ့ဆုံ အချိန်ကုန်ပြီး သူ့ပုဂ္ဂလိက လေယာဉ်နဲ့ တနှစ်ကို အကြိမ် ၁၂၀ လောက် ပျမ်းမျှ ခရီးထွက်နေတယ်လို့ သက်ဆင်က ပြောခဲ့ပါတယ်။
5 years Ago
Up