စစ်စခန်း

July 1, 2019

ဆီးရီးယား စစ်စခန်းများကို အစ္စရေးက ဒုံးကျည်များဖြင့် ပစ်ခတ်၊ အရပ်သား ၄ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ ဟုမ်းမြို့နဲ့ ဒမာစကတ်မြို့အစွန်ပိုင်းက ဆီးရီးယား စစ်အခြေစိုက်စခန်းတွေကို ဇွန် ၃၀ ရက်နေ့မှာ အစ္စရေးစစ်လေယာဉ်တွေက ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ အဲဒီအစ္စရေး စစ်လေယာဉ်တွေဟာ လက်ဘနွန်လေကြောင်းပိုင်နက်ထဲကနေ ဆီးရီးယားဘက်ကို တိုက်ခိုက်တာဖြစ်ပြီး ဆီးရီးယားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ပြန်ခုခံခဲ့တယ်လို့ ဆီးရီးယားစစ်တပ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှု သတင်းတွေနဲ့ပတ်သက်ပြီး ပြောစရာမရှိဘူးလို့ အစ္စရေးစစ်တပ်ပြောခွင့်ရ အရာရှိတဦးက ပြောခဲ့ပါတယ်။ ဒမာစကတ် မြို့တောင်ပိုင်းက ဆာဟ်နာယာဒေသမှာ ကလေးငယ်တယောက်အပါအဝင် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင် ရုပ်သံသတင်းဌာန အယ်-အာခ်ဘယ်ရီယာက ဖော်ပြပါတယ်။
2 years Ago

January 27, 2019

တူရကီ စစ်စခန်းကို ဆန္ဒပြသူများ ဝင်ရောက်စီးနင်း

အီရတ်နိုင်ငံအတွင်း ကာဒစ်ရှ်တိုင်းရင်းသားတွေရဲ့ တစိတ်တပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒါဟုခ်မြို့နားမှာရှိတဲ့ တူရကီစစ်စခန်းကို ဆန္ဒပြသူတွေ ဇန်နဝါရီ ၂၆ ရက်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဒါကြောင့် ဆန္ဒပြသူ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ်။ တင့်ကား ၂ စီးနဲ့ တခြားကားတွေ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာဒစ်ရှ် အရာရှိတွေက ပြောပါတယ်။ “သေဆုံးရတဲ့ အကြောင်းရင်းက မရှင်းလင်းဘူး၊ တူရကီ စစ်သားတွေက ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့လို့ ကားတွေ မီးလောင်ပြီး ပေါက်ကွဲမှု အတော်များများ ဖြစ်ခဲ့တယ်” လို့ ဒေသန္တရ ကျန်းမာရေး အရာရှိချုပ်က ပြောပါတယ်။ “ပီကေကေ အကြမ်းဖက်အဖွဲ့ရဲ့ ကျူးကျော်ရန်စမှုကြောင့် အီရတ်မြောက်ပိုင်းက အခြေစိုက်စခန်းတခုမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တယ်။ တိုက်ခိုက်မှုအတွင်း ကားတွေနဲ့ ပစ္စည်း ကိရိယာတွေ ပျက်စီးခဲ့တယ်” လို့ တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက တွစ်တာ လူမှုကွန်ရက်မှာ ရေးပါတယ်။ မှတ်ချက်အတွက် တူရကီအရာရှိတွေကို ဆက်သွယ်လို့ မရသေးပါဘူး။ အီရတ်မြောက်ပိုင်းမှာ အခြေစိုက်ထားပြီး တူရကီအစိုးရကို ဆယ်စုနှစ်ချီ တော်လှန်နေတဲ့ PKK သူပုန်အုပ်စုကို တူရကီအစိုးရဟာ လေကြောင်း တိုက်ခိုက်တာတွေ ပုံမှန်လုပ်နေတာပါ။ အမေရိကန်ကတော့ အီရတ်နိုင်ငံထဲက အိုင်အက်စစ်သွေးကြွတွေကို တိုက်ဖို့ ကာဒစ်ရှ်တပ်တွေကို ကျောထောက်နောက်ခံ ပေးထားပြီး တူရကီက အဲဒီ ကာဒစ်ရှ် တိုင်းရင်းသား ပီကေကေ အုပ်စုကို အကြမ်းဖက်သမားတွေ အဖြစ် ရှုမြင်ထားပါတယ်။
2 years Ago
Up