စစ်ကိုင်းတောင်ရိုးတွင် ကျောက်ကျင်းပြိုကျ၍ လူ ၃ ယောက် ပိမိသေဆုံး

January 28, 2019

စစ်ကိုင်းတောင်ရိုးတွင် ကျောက်ကျင်းပြိုကျ၍ လူ ၃ ယောက် ပိမိသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ထဲက ကျောက်တူးတဲ့နေရာတခုမှာ ဒီနေ့မနက်ပိုင်းက ကျောက်ကျင်းပြိုကျလို့ လူ ၃ ယောက် ပိမိ သေဆုံးသွားပါတယ်။ တောင်ညိုရွာသစ်မှာရှိတဲ့ ဒေသခံတွေ ကျောက်တူးကြတဲ့ ကျောက်တောင်မှာ မနက် ၈ နာရီ ဝန်းကျင်လောက်က ကျောက်သယ်ယူဖို့ လုပ်နေတုန်း ကားနဲ့ လူတွေအပေါ်ကို ကျောက်တောင် ပြိုကျခဲ့တာပါ။ အဲဒီနေရာကို ရောက်ရှိကူညီနေတဲ့ စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ကိုစိုးမင်းဦးက “ကျနော်တို့ သတင်းရတဲ့အချိန်မှာ ၉ နာရီလောက်ရှိပါပြီ။ သေဆုံးသူ ၃ ယောက်မှာ ၂ ယောက်ကို တွေ့ပြီးပြီ၊ တယောက်ကတော့ ခေါင်းပဲ ပေါ်သေးတယ်။ အသက်ရှင် တွေ့တဲ့သူ တယောက်ကိုတော့ စစ်ကိုင်းဆေးရုံကတဆင့် မန္တလေးဆေးရုံကို ပို့ပြီးပါပြီ။ အမျိုးသား ၃ ယောက်၊ အမျိုးသမီး တယောက်ပါ။ အခု အမျိုးသမီးတယောက်ကတော့ ဖော်နေတုန်းပဲ ရှိပါသေးတယ်” လို့ နေ့လယ် တနာရီကျော်မှာ ပြောပါတယ်။ ပိမိသူတွေကတော့  ရွှေမင်းဝံရပ်ကွက်နဲ့ အနောက်တောင်ညိုရွာက ဖြစ်ကြပြီး ကျောက်တူးသူနဲ့ သယ်ယူသူတွေ ဖြစ်ကြတယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောပြချက်အရ သိရပါတယ်။
2 years Ago
Up