စစ်ကိုင်းတိုင်းအတွင်း

November 23, 2017

စစ်ကိုင်းတိုင်းအတွင်း  ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှု မြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားရာသီ မရောက်သေးပေမယ့်လည်း ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှုနှုန်း မနှစ်ကထက် သိသိသာသာ မြင့်တက်နေတယ်လို့ စစ်ကိုင်းတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ခရီးသွားဇုန် ၆ ဇုန် ဖော်ဆောင်နေပြီး ပြည်တွင်း ဘုရားဖူးခရီးသည်တွေနဲ့ ပြည်ပခရီးသွား ဧည့်သည်တွေကို ရည်မှန်းပြီး စစ်ကိုင်းဇုန်၊ မုံရွာဇုန်၊ ရွှေဘိုဇုန်၊ ကသာဇုန်၊ ကလေးဇုန်နှင့် ခန္တီးဇုန်ဆိုပြီး ဇုန် ၆ ခုကို ဖွဲ့စည်းသတ်မှတ်လုပ်ဆောင်နေတာပါ။ မူလရှိပြီးသား ရှေးဟောင်း အမွေအနှစ် ယဉ်ကျေးမှုလက်ရာ၊ စေတီပုထိုး၊ ဂူတွေအပြင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အပန်းဖြေစခန်းတွေ၊ သဘာဝအခြေခံ ကျောက်တောင်၊ ကျောက်ဂူတွေ စတဲ့ ပြည်တွင်း ပြည်ပ ခရီးသည်တွေ စိတ်ဝင်စားမယ့် လေ့လာအပန်းဖြေစရာ နေရာတွေကိုလည်း ရှာဖွေဖော်ထုတ်နေပြီး လက်ရှိဇုန် ၆ ခုမှာ နေရာအသစ် ၁၇ ခုကိုလည်း ရှာဖွေတွေ့ရှိထားပြီး လာရောက်လေ့လာ အပန်းဖြေသူတွေ သွားလာနေထိုင်ရေး အဆင်ပြေစေရန် ပြင်ဆင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ လက်ရှိမှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ နေရာတွေကနေ ရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှုက ၂၀၁၅-၁၆ မှာ ၁ သိန်း ၁ သောင်းကျော်၊ ၂၁၀၆-၁၇ မှာ ၁ သိန်းခွဲကျော်နဲ့ ဒီနှစ်မှာတော့ ၈ သောင်းကျော်အထိ ရှိနေပြီး တနှစ်ထက် တနှစ် မြင့်တက်နေတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက “ဟိုတယ်ခရီးက လိုင်စင်ပေးထားတဲ့ နေရာတွေမှာ ဝင်ရောက်တည်းခိုမှု ကိန်းဂဏန်းနဲ့ ပြောရရင် ၂၀၁၅-၁၆နှင့် ၂၀၁၆-၁၇ နှိုင်းယှဉ်ရင် ဝင်ရောက်တဲ့ တိုးတက်မှုက ၃၀ ဒသမ ၉၃ ရာခိုင်နှုန်း တိုးတက်တယ်။ အခု ၂၀၁၆-၁၇ ဧပြီကနေ အောက်တိုဘာထိနှင့် ၂၀၁၇-၁၈ ဧပြီကနေ အောက်တိုဘာ လပိုင်းလေးကို နှိုင်းယှဉ်တဲ့အခါ ၁၄ ဒသမ ၆၈ ရာခိုင်နှုန်း တိုးတက်နေတယ်။ ဒါတောင် နောက်ထပ် တကယ့်ခရီးသွားရာသီ ၅ လ ကျန်နေပါသေးတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းကို လာရောက်တဲ့ ပြည်တွင်း ပြည်ပ ခရီးသွားတွေအတွက် အဝေးပြေးလမ်းတွေမှာ စက်သုံးဆီရောင်းတဲ့ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ဆီဖြည့်သည်ဖြစ်စေ မဖြည့်သည်ဖြစ်စေ ဝင်ရောက်ပြီး ကိုယ်လက်သန့်စင်တာတွေ လုပ်နိုင်ဖို့ အိမ်သာပါတဲ့ နားနေခန်းတွေလည်း လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ “မုံရွာနှင့် စစ်ကိုင်းကြားမှာဆိုရင် ၆ ခု၊ ရွှေဘိုနှင့် စစ်ကိုင်းကြားမှာ ၂ ခုလုပ်ထားပြီးပါပြီ။ ကျန်တဲ့နေ လမ်းပိုင်းတွေမှာလည်း အများကြီးလုပ်ဖို့ ရှိသေးတယ်။ ညှိနှိုင်းနေပါတယ်။ အဆင်ပြေသွားမှာပါ။ ပြီးတော့ မင်းကွန်း၊ ဖိုလ်ဝင်တောင်တွေမှာ နားနေခန်းတွေ လုပ်ထားပြီးပြီ။ ဟန်လင်းမှာလည်း လုပ်ဖို့ရှိတယ်” လို့ ဦးအောင်သူဦးက ပြောပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံး ဝိုင်းဝန်းဆောင်ရွက်ဖို့လိုပြီး တာဝန်ရှိသူတွေ အနေနဲ့လည်း ကြိုးစားလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေများစွာ ရှိနေပြီး ဟိုတယ်၊ ခရီးမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီက ၁ ခုတည်းသာ ရှိပါတယ်။
4 years Ago

August 11, 2017

စစ်ကိုင်းတိုင်းအတွင်း ရာသီတုပ်ကွေးလူနာ အမျိုးသား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ မြေဇွန်းရွာက အမျိုးသား ၁ဦးဟာ  A(H1N1) ရာသီတုပ်ကွေးရောဂါနဲ့  မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ သြဂုတ် ၈ ရက်ညက သေဆုံးသွားပါတယ်။ အသက် ၆၇ နှစ်အရွယ် ဦးသန်းဟာ  ဇူလိုင် ၂၇ ရက်ကတည်းက စဖျားခဲ့ပြီး မုံရွာမြို့ရှိ အပြင်ဆေးခန်း၊ ရွှေတော်ဝင်ဆေးရုံနဲ့ မန္တလေး တော်ဝင်ဆေးရုံတွေမှာ ကုသမှုခံယူခဲ့ကာ ရောဂါမသက်သာလို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့တာပါ။ သေဆုံးသူရဲ့ နှာခေါင်းတို့ဖတ်ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာမှာ ရာသီတုပ်ကွေးရောဂါဖြစ်တယ်လို့ သြဂုတ်  ၉ ရက်က  အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူရဲ့ အတူနေ မိသားစုဝင် ၆ ဦး၊ ပြုစုသူ ၃ ဦးကိုလည်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့က ကွင်းဆင်းစစ်ဆေးရာမှာ လက်ရှိအချိန်ထိ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွှေဘိုမြို့ကနေ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးကို သွားရောက်ဆေးကုသမှုခံယူနေတဲ့ ရွှေဘိုမြို့တွင်နေထိုင်သူ ၃၆ နှစ်အရွယ်အမျိုးသမီးတစ်ဦး မှာလည်း ရာသီတုပ်ကွေးရောဂါ A(H1N1) positive တွေ့ရှိထားတယ်လို့ဆိုပါတယ်။ ရွှေဘိုမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်မှ လူနာ ၂ဦးမှာလည်း ရာသီတုပ်ကွေးရောဂါ သံသယလူနာအဖြစ် မန္တလေးဆေးရုံကြီးကို လွှဲပြောင်းကာ ဆေးကုသစစ်ဆေးမှုတွေပြုလုပ်နေ တယ်လို့သိရပါတယ်။ တိုင်းကုသရေးဦးစီမှူး မုံရွာဆေးရုံအုပ်ကြီးဒေါက်တာ အေးငြိမ်းက“လူနာတွေအားလုံးက တိုင်းအတွင်း အစိုးရဆေးရုံတွေမှာ ဆေးကုသမှုမရှိဘူး။ ဘာဖြစ်လို့လည်းတော့မသိဘူး ဖြစ်လာရင် မန္တလေးကိုပဲ တန်းသွားကြတာ။ ကျနော်တို့က မန္တလေးက ပြန်အကြောင်းကြားမှ သိရတဲ့အခြေအနေဖြစ်နေတယ်။ လုပ်ရတာ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ ဆားလင်းကြီးက သေဆုံးသွားတဲ့ လူနာနဲ့ပတ်သက်ပြီးတော့လည်း ဒီနေ့ဆို တိုင်းအစိုးရအဖွဲ့က စည်ပင်ဝန်ကြီးသွားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ မနက်ဖြန်ဆို ဝန်ကြီးချုပ်နဲ့အဖွဲ့ ရွှေဘိုကိုသွားပါမယ်။ အခုလိုဖြစ်လာတဲ့အပေါ်မှာတော့ အရမ်းစိုးရိမ်ရတဲ့အခြေအနေ မဟုတ်ပေမယ့် အရင်ထက်ပိုပြီးတော့ သတိထားဖို့ အဆင့်ဆင့်ကို တပ်လှန့်ထားတယ်။ အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့ပေါ့။ ပြည်သူတွေကိုလည်း အကြောက်မလွန်ကြဖို့ ပြောချင်သလို ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေကိုလည်း လိုက်နာကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။ တိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူတွေရှိလာတဲ့အတွက် လိုအပ်တဲ့ဆေးဝါးစုဆောင်းတာ၊ ကာကွယ်ရေးပစ္စည်းတွေထောက်ပံ့တာ၊ ကျန်းမာရေး ဝန်ထမ်းတွေ အတွက် ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။ သြဂုတ်၁၀ရက်ထိ တစ်နိုင်ငံလုံးမှာ ပြင်းထန်အသက်ရှုလမ်းကြောင်း ရောဂါကြောင့် ဆေးရုံတက်ကုသသူပေါင်း ၅၁၀ ဦးမှာ A(H1N1)ပိုးတွေ့ရှိသူ ၁၉၄ ဦးရှိပြီး သေဆုံးသူ ၂၀ ဦးရှိတယ်လို့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
4 years Ago
Up