စစ်ကိုင်းတိုင်းတွင် တရားမဝင်သစ်ဖမ်းမိမှု ယမန်နှစ်ထက် တန် ၃၀၀၀ကျော်လျော့နည်းလာ

May 1, 2019

စစ်ကိုင်းတိုင်းတွင် တရားမ၀င်သစ် ဖမ်းဆီးရမိမှု ယမန်နှစ်ထက် လျော့နည်းသွား

စစ်ကိုင်းတိုင်းသစ်တောဦးစီးဌာနရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ၆ လအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုဟာ အရင်နှစ်ကာလတူထက် သစ်တန်ချိန် ၁၀၀၀ လောက်  လျော့နည်းသွားပါတယ်။ တရားမဝင်သစ်ခိုးထုတ်တဲ့ သစ်တော ကြိုးဝိုင်းတွေထဲမှာ သစ်တောဌာနက တပ်မတော်ရဲ့ ကူအညီရယူ ၀င်ရောက်ဖမ်းဆီးခဲ့တာတွေကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာကနေ မတ်လကုန်ထိ ၆ လအတွင်း တရားမဝင်သစ် ဖမ်းဆီးရမိမှု ၄၅၇၀ တန်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူမှာ ၅၅၂၁ တန်ထိ ရှိခဲ့တဲ့အတွက် မနှစ်ကထက်  သစ်တန် ၉၅၀ ကျော်လျော့ နည်းခဲ့တယ်လို့ တိုင်းဒေသကြီးသစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးကပြောပါတယ်။ “လျော့ရတဲ့ အကြောင်းရင်းတွေက ဘာလို့လဲဆိုတော့ ၂၀၁၉ ဇန်နဝါရီလ ၁ ရက်ကနေ ဧပြီလ ၃၀ ရက်နေ့ထိ ပုလဲ၊ ယင်းမာပင်၊ ကနီ၊ မင်းကင်းမြို့နယ်တွေမှာ စစ်ကြောင်း ၄ ကြောင်းနဲ့ တောက်လျှောက်ကင်းလှည့်နေတယ်။ တောက်လျှောက်ဖမ်းဆီးနေတဲ့အတွက် ဖမ်းဆီးရမိမှု ကျပါတယ်။ နောက်တခါ မဟာမြိုင်ကြိုးဝိုင်းနဲ့ ဆက်စပ်နေတဲ့ ဧရိယာ မင်းကင်း၊ မော်လိုက်၊ ကလေးဝ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်တွေမှာလည်း ခုနကလိုပဲ ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လကုန်ထိ သစ်တောရဲ၊ တပ်မတော်ရဲ့ အကူအညီနဲ့ စစ်ကြောင်းတွေ ကင်းလှည့် ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ကျဆင်းတာဖြစ်ပါတယ်” ဖမ်းဆီးရမိတဲ့ သစ်တန် ၄၅၀၀ ကျော်ထဲမှာ ကျွန်းသစ်နဲ့ ခွဲသား ၁၁၄၆ တန်၊ သစ်မာနဲ့ တခြားသစ် ၃၄၂၄ တန်ရှိခဲ့ပြီး တရားမဝင်သစ်ခိုးထုတ်သယ်ယူလုပ်ကိုင်သူ ၃၅၆ ဦး၊ ကား၊ ထော်လာဂျီအပါအဝင်ယာဉ်ယန္တရား ၃၆၃ စီး၊ သစ်စက် ၁၀၃ ခု၊ ချိန်းဆော ၅၀ လက်၊ တူမီးသေနတ် ၂ လက်တို့ကို ဖမ်းဆီးရမိခဲ့တာပါ။ အခုဘဏ္ဍာနှစ် ၆ လအတွင်း တရားမဝင်သစ်တွေကို သစ်တောခရိုင် ၈ ခုမှာ ကသာခရိုင်က သစ်တန် ၅၈၀ ကျော်နဲ့ အများဆုံးဖမ်းဆီးရမိခဲ့ပြီး ခန္တီးခရိုင်ကတော့ ၇ တန်ကျော်နဲ့ အနည်းဆုံးဖမ်းဆီးရမိခဲ့တာပါ။ တဖက်က စစ်ကြောင်းတွေထိုးပြီး တရားမဝင်သစ်ခိုးထုတ်မှု လျော့နည်းစေရေးအတွက် ကင်းလှည့်လုပ်ဆောင်နေသလို တခြားဖက်မှာလည်း ဒေသသုံးသစ်အတွက် ဖမ်းဆီးရမိတဲ့ သစ်တွေကို လေလံတင်ကာ ရောင်းချနေပြီး စီးပွားရေး ကျွန်းစိုက်ခင်း၊ ပျဉ်းကတိုးစိုက်ခင်းတွေ လည်း တိုးချဲ့နေကာ သဘာဝတောတွေသတ်မှတ်ပြီးတော့လည်း ရှိပြီးသစ်တောတွေကို ထိန်းသိမ်းနေတယ်လို့ သစ်တောဦးစီးဌာနက ဆိုပါတယ်။ အခုနောက်ပိုင်းမှာ သစ်အလုံးလိုက် ခိုးထုတ်သယ်ယူတာထက် တောထဲတင် ဖြတ်တောက်ခွဲစိပ်ပြီး ဆိုင်ကယ်၊ အိမ်စီးကား၊ ထော်လာဂျီ၊ ဝါးဖောင်၊ စက်လှေ စတာတွေနဲ့ တပိုင်တနိုင်သယ်ယူလာတာက ပိုမိုများပြားလာနေတာဖြစ်ပါတယ်။ သစ်တောဦးစီးဌာနအနေနဲ့ တရားမဝင်သစ်တွေကို ထိထိရောက်ရောက်တားဆီးနိုင်ဖို့ အတွက် ဝန်ထမ်းအင်အား လုပ်ပိုင်ခွင့် ငွေကြေးသုံးစွဲနိုင်မှု စတဲ့အခက်အခဲတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် တရားမဝင်မော်တော်ယာဉ်တွေ၊ လွှစက်တွေ၊ ချိန်းဆောတွေ လွယ်လင့်တကူ ဝယ်ယူရရှိနေတာကလည်း တရားမဝင်သစ်တွေ ထုတ်လုပ်ဖို့ အထောက်အပံ့ဖြစ်နေပါတယ်။
2 years Ago

January 10, 2018

စစ်ကိုင်းတိုင်းတွင် တရားမဝင်သစ်ဖမ်းမိမှု ယမန်နှစ်ထက် တန် ၃၀၀၀ကျော်လျော့နည်းလာ

  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်တရားမဝင်သစ်ဖမ်းဆီးရမိမှုက ၂၀၁၆ ခုနှစ်ကထက် တန် ၃၂၀၀ လောက်လျော့နည်းလာပြီး ဆက်စပ်ပစ္စည်းဖမ်းဆီးရမိမှုမှာတော့ ပိုများလာတယ်လို့ တိုင်းသစ်တောညွှန်ကြားရေးမှူးရုံးကသိရပါတယ်။ စာရင်းတွေအရ ၂၀၁၇ ဇန်နဝါရီကနေ ဒီဇင်ဘာလကုန်ထိ တိုင်းဒေသကြီးအတွင်း တရားမဝင်ကျွန်းသစ် ၂၅၆၃.၂၈၆၆ တန်၊ သစ်မာ ၂၉၁၇.၀၄၄၄ တန်၊ အခြားသစ် ၃၇၄၂.၁၇၂၅ တန် စုစုပေါင်း ၉၂၂၂.၅၀၃၅ တန်ဖမ်းဆီးရမိခဲ့ပြီး တရားခံဖမ်းဆီးရမိမှု၊ ဆက်စပ်ပစ္စည်း ဖမ်းဆီးရမိမှုတွေမှာတော့ များစွာတိုးတက်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ တိုင်းဒေသကြီး သစ်တောညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက “အခုလို တရားခံနှင့် ဆက်စပ်ပစ္စည်းတွေ တိုးတက်ဖမ်းဆီးရမိတာက သစ်ခိုးထုတ်တဲ့နေရာမှာ တရားမဝင်သစ် သယ်ဆောင်သူတွေက သုံးဘီး၊ ထော်လာဂျီတွေလို သိသာမြင်သာတဲ့ အရာတွေထက် တပိုင်တနိုင် အိမ်စီးကား၊ ဆိုင်ကယ်တွေနဲ့ သယ်ဆောင်လာကြတဲ့ အတွက်ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ သစ်ဖမ်းဆီးရမိတဲ့ အနေအထားအရ အများဆုံးဖမ်းမိတာက သစ်တောတွေကျန်ရှိနေသေး တဲ့ ကသာ၊ ကလေးဝ၊ ကနီ စတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးရမိမှုပိုများနေတာပါ။ အရင်ကနဲ့ စာရင်တော့ တရားမဝင်သစ်လုပ်ကိုင်မှုက လျော့နည်းလာတဲ့အနေအထားမှာရှိတယ်ဆိုပေမယ့် တိုးတက်လာတဲ့နည်းပညာ၊ ဝန်ထမ်းအင်အားနည်းပါးမှု၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် လာမှု စတာတွေကြောင့် ပပျောက်အောင်လုပ်ဆောင်နိုင်ဖို့ ခက်ခဲတယ်လို့ဆိုပါတယ်။ စစ်ကိုင်းတိုင်း သစ်တောဦးစီးဌာနအနေနဲ့ တရားမဝင်သစ်ဖမ်းဆီးရေးကို သစ်တောတွေ ကျန်ရှိနေသေးတဲ့ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်၊ မဟာမြိုင်၊ ကသာဒေသ စတဲ့နေရာတွေမှာ အမြဲတမ်းစစ်ကြောင်းတွေထားရှိပြီး လုပ်ဆောင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်း တရားမဝင်သစ်ခိုးထုတ်နေတာတွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးဖို့နဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းမေးမြန်းတာ၊ အဆိုတင်ဆွေးနွေးတာတွေကိုလည်း ပြုလုပ်ထားပါတယ်။ တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ အရင်နှစ်တွေထက် မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲ၊ တပ်မတော်တို့ရဲ့ အကူအညီကိုရယူကာ သစ်ခိုးထုတ်မှု လျော့နည်း ကျဆင်းရေးအတွက် လုပ်ဆောင်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လစဉ်သုံးသပ်ချက်တွေအရ တရားမဝင်သစ်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေ တက်တက်ကြွကြွပူးပေါင်း ပါဝင်လာမှုတွေက အများကြီးအားကောင်းလာပြီး ပြည်သူတွေရဲ့ တာဝန်သိသိသတင်းပေးလာမှုအတွက် သတင်းပေးသူတွေရဲ့လုံခြုံမှုကိုလည်း အလေးထား တာဝန်ယူပြီး ဒီထက်မက ပါဝင်လာအောင် ဌာနအနေနဲ့လည်း အမြဲတမ်းကြိုဆိုနေတယ်လို့ ဆိုပါတယ်။ ကျန်ရှိနေသေးတဲ့သစ်တောတွေကိုလည်း သဘာဝအတိုင်းထားရှိသွားမှာဖြစ်သလို မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး ၁၀ နှစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဆိုးကျိုးတွေများတဲ့အတွက် ရရှိမယ့်အကျိုးအမြတ်နဲ့နှိုင်းယှဉ်ပြီး မူလတောအနေအထား ယိုယွင်းနေတဲ့ နေရာတွေကိုတော့ စိစစ်ပြီး ခွင့်ပြုပေးနေတယ်လို့သိရပါတယ်။
3 years Ago
Up