စစ်ကိုင်းတိုင်း

A d v e r t i s e m e n t With Us

April 26, 2019

စစ်ကိုင်းတိုင်းအတွင်း အကျဉ်းသား ၂၂၀၀ ကျော်လွတ်မြောက်

၂၀၁၉ခုနှစ်အတွင်း နိုင်ငံတော်သမ္မတက အကျဉ်းသားတွေကို ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ စစ်ကိုင်းတိုင်းအတွင်းက အကျဉ်းထောင်၊ စခန်းအသီးသီးကနေ ၂၂၁၅ ဦး လွတ်မြောက်ခဲ့ပါတယ်။ မူးစိတ်ပုဒ်မ ၁၅/၁၆ နဲ့အကျဉ်းကျခံနေရသူ အများစုဖြစ်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၆၉၄၈ ဦးကို လွတ်ငြိမ်းခွင့်ပေးရာမှာ ရွှေဘိုထောင်က ၅၁၅ ဦး၊  ကလေးအကျဉ်းထောင်က ၄၁၂ ဦး၊ ခန္တီးထောင်က ၂၅၇ ဦး၊ မုံရွာထောင်က ၁၆၄ဦး၊ ကသာထောင်က ၁၀၄ ဦးနဲ့ အကျဉ်းစခန်း ၆ ခုက ၇၃၆ ဦး လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ အမျိုးသား ၂၁၁၀ ဦး၊ အမျိုးသမီး ၁၀၅ ဦး ပါဝင်ခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ဆန်း ၁ရက်နေ့ကလည်း စစ်ကိုင်းတိုင်းကနေ ၁၂၆၉ ဦး လွတ်မြောက်ခဲ့ပါသေးတယ်။ မုံရွာအကျဉ်းထောင်က လွတ်ငြိမ်းသက်သာခွင့် ပေးအပ်တဲ့ ပွဲကိုတော့ တိုင်းပါတီ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး အပြင်လောကမှာ အေးအေးချမ်းချမ်း နေကြဖို့၊ နောက်တကြိမ် ပြန်မလာကြဖို့၊ ဥပဒေဘောင်အတွင်းနေထိုင်ပြီး မိသားစုအကျိုး ရပ်ကျိုးရွာကျိုး၊ နိုင်ငံ့အကျိုး၊ အမျိုးဘာသာသာသနာ အကျိုးဆောင်ရွက်ကြဖို့ကို မှာကြားခဲ့ကြပါတယ်။ ပြန်လည်လွတ်မြောက်ခွင့် ရသူတွေကလည်း နိုင်ငံတော်သမ္မတအပါအဝင် တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်တဲ့အကြောင်းနဲ့ အကျဉ်းထောင်ထဲ နေခဲ့စဉ်မှာ လူ့အခွင့်ရေးချိုးဖောက် ခံရတာမရှိခဲ့ဘူးလို့ ပြောဆိုကြပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးကို ကိုယ်တိုင်လည်း နောက်တကြိမ် မလုပ်တော့သလို ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း မလုပ်ကြဖို့ တိုက်တွန်းပြောကြားသွားမယ်လို့ ဆိုပါတယ်။
2 years Ago

December 21, 2018

စစ်ကိုင်းတိုင်း စည်ပင်ကို ကန့်ကွက်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက စည်ပင်သာယာရေးအဖွဲ့တွေရဲ့ စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ အားရကျေနပ်မှု မရှိတာကြောင့် မြို့နယ်အချို့က အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီဇင်ဘာ ၂၁ ရက်နေ့က မုံရွာမြို့မှာ လှည့်လည်ဆန္ဒပြပါတယ်။ မြို့နယ်တွေရဲ့ စည်ပင်သာယာရေးကဏ္ဍလုပ်ဆောင်ရာမှာ စီမံခန့်ခွဲမှုအားနည်းတာ၊ ဘက်ဂျက်ကိစ္စ ပွင့်လင်းမြင်သာမှုမရှိတာ၊ ပြည်သူနဲ့ ထိတွေ့မှုနည်းတာ၊ တချို့ကိစ္စတွေမှာ အဂတိ လိုက်စားတာတွေ ရှိနေတာကြောင့် အချိန်မီပြင်ဆင်နိုင်ဖို့အခုလို ဆန္ဒပြရတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူ တဦးက ပြောပါတယ်။ ဆန္ဒပြပွဲမှာ စီမံခန့်ခွဲမှု အလွဲတွေ ပြုပြင်ပြောင်းလဲပေးရေး၊ ဘက်ဂျက်ကိစ္စ ပွင့်လင်းမြင်သာရေး၊ အဂတိမကင်းတဲ့ တာဝန်ရှိသူတွေ အရေးယူပေးရေး၊ စည်ပင်ကဏ္ဍ စီမံခန့်ခွဲတဲ့ တာဝန်ရှိသူတွေ အလိုမရှိ စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။ စည်ပင်ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို ထောက်ပြတာ ဖြစ်တာကြောင့် အခုလိုတောင်းဆိုဆန္ဒပြတာကို ကြိုဆိုတယ်လို့ တိုင်းစည်ပင် ညွှန်ကြားရေးမှုး ဦးသစ်ထူးမြင့်က ပြောပါတယ်။ ဘက်ဂျက်ကိစ္စတွေနဲ့ပတ်သက်ပြီး မြို့နယ်တိုင်းမှာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မြင်သာတဲ့နေရာတွေမှာ အရအသုံးငွေစာရင်းကို ဗီနိုင်းဆိုင်းဘုတ်တွေ စိုက်ထူထားကြောင်း၊ အဂတိနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို အချက်မလက်အပြည့်အစုံနဲ့ တိုင်ကြားနိုင်ကြောင်း၊ စီမံခန့်ခွဲတာနဲ့ပတ်သက်ပြီး မလွဲဘူးလို့ ယူဆကြောင်းလည်း ပြောပါတယ်။ ဆန္ဒပြပွဲမှာ မုံရွာအပြင် ကောလင်း၊ ကန့်ဘလူ၊ ဒီပဲယင်း၊ ပုလဲ၊ ပင်လည်ဘူး၊ ယင်းမာပင်၊ ဆားလင်းကြီး စတဲ့ မြို့နယ်တွေက ပြည်သူအချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
2 years Ago
More News
Up