စင်ထရယ်ကုန်တိုက်

February 28, 2020

ထိုင်းစင်ထရယ်ကုန်တိုက်ကြီးတွင်း ပစ်ခတ်မှုထပ်မံဖြစ်ပွား

ထိုင်းနိုင်ငံမှာ ခုလပိုင်းအတွင်း မြို့တွင်းလူနေထူထပ်ရပ်ကွက်နဲ့ ကုန်တိုက်ကြီးတွေထဲ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်မှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်  ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက လည်း ကုန်တိုက်ကြီးတခုထဲမှာ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။  ပစ်ခတ်မှုဖြစ်ပွားနေရာဟာ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ဆက်စပ်နေတဲ့ နွန်ထဘူရီခရိုင် နွန်ထဘူရီမြို့ ရတ်တနထိပက်နယ်မြေ စင်ထရယ်ကုန်တိုက်ကြီးထဲမှာပါ။  ကုန်တိုက်ကြီးရဲ့ပထမထပ် အဝတ်အထည်နဲ့ အစားအစာရောင်းချတဲ့နေရာရှေ့မှာ ညနေ ၃ နာရီခွဲကျော်လောက်က သေနတ်သံ ၃၊ ၄ ချက်ပစ်ခတ်သံ ကြားရပြီး ကုန်တိုက်ထဲကလူတွေ အလန့်တကြား ပြေးလွှားနေတဲ့ပုံတွေ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။  ရတ်တနထိပက်နယ်မြေရဲတပ်ဖွဲ့က အခင်းဖြစ်တဲ့နေရာကို ညနေ ၄ နာရီ လောက်မှာ ရောက်ရှိသွားပြီး သေနတ်ပစ်တဲ့ အမျိုးသားတယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ဒုပြောခွင့်ရရဲမှူးကြီး ကရစ္စန ဖတ်ထနားကျရွန်းက သတင်းထောက်တွေကို ပြောပါတယ်။  အဲဒီအမျိုးသားဟာ အသက် ၄၁ နှစ်ရှိပြီး နာမည်ကိုတော့ ထုတ်ဖော်ပြောခြင်း မရှိသေးဘဲ ပစ်ခတ်ရတာနဲ့ ပတ်သက်လို့ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ် ။ ဒီပစ်ခတ်မှုမှာတော့ သေဆုံးဒဏ်ရာရသူ တယောက်မျှမရှိခဲ့ပါဘူး ။  ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ကုန်တိုက်ကြီးနဲ့ လူနေရပ်ကွက် အတွင်း ပစ်ခတ်မှုဖြစ်စဉ်ဟာ ဒါနဲ့ပါဆို ၅ ကြိမ်မြောက်ရှိသွားပြီဖြစ်ပြီး အရင် ပစ်ခတ်မှုတွေမှာတော့ လူ ၃၄ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။  ကိုးကား-prachachat.net/ThaiCrime.Net
2 years Ago
Up