စင်ကာပူကျောင်းသားတဦး

March 4, 2020

လန်ဒန်တွင် စင်ကာပူကျောင်းသားတဦး ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်စပ်ပြီး စွပ်စွဲရိုက်နှက်ခံရ

လန်ဒန်မှာ ပညာသင်နေတဲ့ စင်ကာပူကျောင်းသားတယောက်ကို ဗြိတိန်လူငယ်တချို့က ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုနဲ့ပတ်သက်လို့ စွပ်စွဲပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့လို့ လန်ဒန် ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ဖြေရှင်းနေတယ်လို့ စင်ကာပူ ဓနသဟာယ သံရုံးက ပြောပါတယ်။  ဗြိတိန်လူငယ် ယောက်ျားလေး သုံး လေးယောက်လောက်နဲ့ မိန်းကလေး တယောက် ပါဝင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က လန်ဒန်က အောက်စဖို့ဒ်လမ်းမှာ လမ်းလျှောက်လာတဲ့ စင်ကာပူကျောင်းသား ဂျိုနသန်မော့ကို  လူမျိုးရေး ခွဲခြားတဲ့ စကားတချို့နဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ စကားလုံးပါတဲ့ စကားတွေပြောပြီး ထိုးကြိတ်ကန်ကျောက်ခဲ့တာပါ။  အထိုးခံရတဲ့ စင်ကာပူကျောင်းသား မော့ဟာ လန်ဒန်ကောလိပ်ကျောင်းသား ဖြစ်ပါတယ်။ သူ့ကို တိုက်ခိုက်ခဲ့တဲ့ လူငယ်တွေကတော့ အသက် ၂၀ ထက်မကြီးတဲ့ လူငယ်တွေ ဖြစ်ပြီး သူ့ထက် ခေါင်းတလုံး အရပ်မြင့်တဲ့သူတွေလို့ ပြောပြထားပါတယ်။ မော့ဟာ လမ်းလျှောက်လာနေတုန်း လူငယ်အုပ်ဆီက ‘ကိုရိုနာဗိုင်းရပ်စ်’ ဆိုတဲ့ စကားလုံးကို ကြားလိုက်ရပြီး လှည့်အကြည့်မှာ မျက်နှာကို လက်သီးနဲ့ နှစ်ချက်အထိုးခံခဲ့ရကာ တယောက်ကလည်း ခြေထောက်နဲ့ ကန်ဖို့လုပ်တာ ခံခဲ့ရပါတယ်။ ကန်တဲ့သူက “ငါတို့တိုင်းပြည်မှာ မင်းတို့ရဲ့ ကိုရိုနာဗိုင်းရပ်စ် မလိုချင်ဘူး” လို့ ပြောခဲ့တဲ့အကြောင်း ပြန်ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စင်ကာပူ ဓနသဟာယသံရုံးက လန်ဒန်ရဲတပ်ဖွဲ့နဲ့ဆက်သွယ်ပြီး အထူးဦးစားပေးကိစ္စတခုအဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း ထုတ်ဖော်ထားပါတယ်။  လန်ဒန်ရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်ခဲ့တဲ့ လူငယ်တွေကို စီစီတီဗွီမှတ်တမ်းနဲ့ ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပြီး လက်ရှိအချိန်ထိတော့ ကျူးလွန်သူတွေကို မဖမ်းဆီးနိုင်သေးသလို မျက်မြင်သက်သေတွေကို ဆင့်ခေါ်မေးမြန်းတာမျိုးလည်း မလုပ်ရသေးပါဘူး။ 
1 year Ago
Up