စင်ကာပူမှာ စက်တင်ဘာ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီက တခဲနက် ပြန်လည် အနိုင်ရသွားပါတယ်။
လွှတ်တော်အမတ်နေရာ ၈၉ နေရာထဲက ၈၃ နေရာမှာ ပြည်သူ့လှုပ်ရှားမှု ပါတီ (PAP) က အနိုင်ရပြီး၊ ကျန်တဲ့ မဲဆန္ဒနယ်တွေမှာ အတိုက်အခံပါတီ ၈ ပါတီထဲက အလုပ်သမားပါတီတခုတည်းက အနိုင်ရပါတယ်။
PAP ပါတီကို ထူထောင်ခဲ့သူ လီကွမ်ယု ကွယ်လွန်ပြီး လပိုင်းအတွင်းမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပေါ်ပြူလာဘုတ်လို့ ခေါ်တဲ့ မဲအရေအတွက်လည်း ၂၀၁၁ ရွေးကောက်ပွဲတုန်းကထက် ၁၀ ရာခိုင်နှုန်းကျော် ပိုရရှိခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ်တွေကို သိရှိအပြီး သတင်းစာရှင်းလင်းပွဲမှာ လီကွမ်ယုရဲ့ သားကြီးဖြစ်တဲ့ လက်ရှိ ၀န်ကြီးချုပ် လီရှန်လွန်းက စင်ကာပူပြည်သူတွေရဲ့ အကျိုးအတွက် အစွမ်းကုန် ကြိုးစားသွားမယ့်အကြောင်း ကတိပြုလိုက်ပြီး၊ ရလဒ်တွေကို နောက် ရွေးကောက်ပွဲကျရင် ပြည်သူတွေက အဆုံးအဖြတ်ပေးတာကို ခံယူသွားမယ်လို့ ပြောသွားပါတယ်။
PAP ပါတီဟာ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး အဲဒီအထဲမှာ ပါတီကို မထောက်ခံတဲ့ လူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အခုတကြိမ် ရွေးကောက်ပွဲမှာ မတူကွဲပြားတဲ့ အသံတွေ၊ သဘောထားဆန္ဒတွေ အရင်ထက် ပိုပြီး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတာကိုလည်း အသိအမှတ်ပြုတယ်လို့ လီရှန်လွန်းက ပြောပါတယ်။
မဲပေးသူ ၂ သန်းခွဲနီးပါးထဲက ၉၃ ရာခိုင်နှုန်းကျော်က မဲပေးခဲ့ကြတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။
အခု ရွေးကောက်ပွဲကို စင်ကာပူကို ထူထောင်သူ လီကွမ်ယုရဲ့ ဈာပနနဲ့ စင်ကာပူ လွတ်လပ်ရေး ရွှေရတု အခမ်းအနားတွေကို အကြောင်းပြုလို့ အမျိုးသားရေးစိတ်တွေ နှိုးကြားနေချိန်မှာ ကျင်းပဖြစ်အောင် ပုံမှန်ထက် တနှစ်ဝန်းကျင်စောပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီတကြိမ်ပါဆိုရင် ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့တဲ့ PAP အတွက် ၁၂ ကြိမ်မြောက် အောင်ပွဲဖြစ်လာပါတယ်။
8 years Ago