စင်ကာပူအသင်း

June 12, 2019

ကျော်ကိုကို၏ သွင်းဂိုး ၂ ဂိုးဖြင့် မြန်မာအသင်းက စင်ကာပူကို အနိုင်ရ (ရုပ်သံ)

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ဇွန်လ ၁၁ ရက်က စင်ကာပူအသင်းနဲ့ ခြေစမ်းပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နည်းပြသစ် ရာဂျူလိုဗစ်အတွက် အဖွင့်လှပခဲ့ပါတယ်။ မြန်မာအသင်းဟာ ပွဲအစ ၅ မိနစ်မှာပဲ တိုက်စစ်မှူး ကျော်ကိုကိုက အောင်သူရဲ့ ပေးပို့မှုကနေ အနီးကပ် ကန်သွင်းခဲ့လို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ပွဲချိန် ၂၅ မိနစ်မှာ စင်ကာပူတိုက်စစ်မှူး ဂါဘရီယယ်ကွက်ခ်က ချေပဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာ တဂိုးစီ သရေကျခဲ့ပါတယ်။ မြန်မာအသင်းဟာ ဒုတိယပိုင်းမှာ အနိုင်ဂိုးရဖို့ ပိုမိုတိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ ကျော်ကိုကိုကပဲ ဂိုးသမားနဲ့အတွေ့မှာ ကန်သွင်းယူခဲ့လို့ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာ စင်ကာပူအသင်းက တိုက်စစ်ဆင်ကစားခဲ့ပေမယ့် မြန်မာဂိုးသမား ကျော်ဇင်ထက်နဲ့ နောက်ခံလူတွေ အကောင်းဆုံးပုံစံနဲ့ ဟန့်တားနိုင်ခဲ့ပါတယ်။ မြန်မာအသင်းကတော့ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့တာကြောင့် ပွဲအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ မြန်မာနည်းပြ မွန်တီနီဂရိုးနိုင်ငံသား ရာဂျူလိုဗစ်အတွက် လက်ရွေးစင်အသင်းနဲ့ ပထမဆုံးပွဲစဉ်ဖြစ်ပြီး အနိုင်ရခဲ့လို့ အဖွင့်လှခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
3 years Ago

March 25, 2016

ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း စင်ကာပူကို ရှုံး (ရုပ်သံဟိုက်လိုက်)

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းဟာ မတ်လ ၂၄ ရက် ညနေက စင်ကာပူလက်ရွေးစင်အသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားရာမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ စင်ကာပူနိုင်ငံ ဂျလန်ဘီဆာ အားကစားကွင်းမှာ ကစားခဲ့ကြတာဖြစ်ပြီး စင်ကာပူက ဦးဆောင်ဂိုးကို ၂၇ မိနစ်မှာ သွင်းယူပါတယ်။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဆော်လမန်က မြန်မာအသင်းအတွက် ချေပဂိုးကို ၆၄ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး ၈၇ မိနစ်မှာ စင်ကာပူက နောက်ထပ် ၁ ဂိုး ရခဲ့ပြီး မြန်မာအသင်း ရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အသင်းလိုက်ကစားပုံနဲ့ ခြေစွမ်းကို အားရပြီး အခွင့်အရေးတွေ အကြိမ်များစွာ ဖန်တီးနိုင်ခဲ့ပေမယ့် စိတ်ဆန္ဒစောသလို ဂိုးကံခေသွားတာကြောင့် ရသင့်တဲ့ဂိုးတွေ မရခဲ့ဘူးလို့ နည်းပြချုပ် ဂတ်ဆီဇီက ပွဲအပြီးမှာ ပြောပါတယ်။ မြန်မာအသင်းအနေနဲ့ ဒီနှစ်အတွက် အဓိကပစ်မှတ်ကတော့ အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆူဇူကီးဖလား အောင်ပွဲရရေးဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းကို ယူ ၂၀၊ ယူ ၂၃ နဲ့ လိဂ်ပြိုင်ပွဲက အကောင်းဆုံး ကစားသမားတွေ စုဖွဲ့ထားတာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ လာမယ့် မတ် ၂၉ ရက်နေ့ကျရင် လက်ဘနွန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖို့ရှိနေပြီး မြန်မာအသင်းနည်းပြချုပ် ဂတ် ဖရိုင်းဒရစ်ကတော့ မြန်မာအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မျှော်လင့်ချက် မရှိတော့ဘူးလို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
6 years Ago
Up