စင်ကာပူအမျိုးသမီးတဦးကို ပြန်ပေးဆွဲခဲ့သည့် နိုင်ငံခြားသား ၄၃ ဦးအား ဖမ်းဆီး

July 20, 2017

စင်ကာပူအမျိုးသမီးတဦးကို ပြန်ပေးဆွဲခဲ့သည့် နိုင်ငံခြားသား ၄၃ ဦးအား ဖမ်းဆီး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာရှိတဲ့ လောင်းကစားရုံတခုမှာ စင်ကာပူ အမျိုးသမီးသမီးတဦးကို ပြန်ပေးဆွဲခဲ့တဲ့ နိုင်ငံခြားသား ၄၃ ဦးကို ဇူလိုင် ၂၀ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ ၄၁ ဦးက တရုတ်လူမျိုးတွေဖြစ်ပြီး ၂ ဦးက မလေးရှားနိုင်ငံသားတွေ ဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ် စင်ကာပူအမျိုးသမီးဟာ ဇူလိုင် ၁၇ ရက်နေ့က မနီလာမှာရှိတဲ့ ဆိုးလဲလ် (Solaire) လောင်းကစားရုံမှာ ပြန်ပေးဆွဲခံရတာ ဖြစ်ပါတယ်။ သူ့ကို လောင်းကစားရုံနားက ဟိုတယ်တခုမှာ ဖမ်းဆီးထားပြီး ရိုက်နှက်ခြိမ်းခြောက်ခဲ့တာပါ။ ဒီနောက် ပြန်ပေးဆွဲသူတွေက အမေရိကန်ဒေါ်လာ ၁ သိန်း ၈ သောင်း ပေးရင် လွှတ်ပေးမယ်လို့ တောင်းဆိုခဲ့ကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဗျူရိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူ့ကို ဇူလိုင် ၁၈ ရက်နေ့မှာ ကယ်တင်နိုင်ခဲ့ပြီး ပြန်ပေးဆွဲသူတွေကို တရားစွဲထားတယ်လို့ ဖိလစ်ပိုင်ရဲချုပ် ဒယ်လာရိုဆာက ပြောကြားပါတယ်။ လောင်းကစားသန်သူတွေကို ပစ်မှတ်ထား ပြန်ပေးဆွဲနေတဲ့ ဒီပြန်ပေးဆွဲဂိုဏ်းမှာ တရုတ်နဲ့ စင်ကာပူနိုင်ငံသားတွေပါတဲ့ အဖွဲ့နှစ်ဖွဲ့ ပေါင်းထားတာဖြစ်တယ်လို့ ရဲက ပြောပါတယ်။ ဖိလစ်ပိုင်မှာ ၂၀၁၅ ခုနှစ်ကစပြီး အခုလို ပုံစံတူ ပြန်ပေးဆွဲမှု ၁၁ မှုထိ ရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up