စင်ကာပူဖိတ်ခေါ် ဉာဏ်ရည်မမီ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၃ ခု ရရှိ

May 25, 2017

စင်ကာပူဖိတ်ခေါ် ဉာဏ်ရည်မမီ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၃ ခု ရရှိ

မေလ ၁၈ ရက်ကနေ ၂၃ ရက်အထိ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဖိတ်ခေါ် ဉာဏ်ရည်မမီပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့က ရွှေ ၃ ခု၊ ငွေ ၃ ခု၊ ကြေး ၃ ခု ရယူနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အိမ်ရှင် စင်ကာပူ အပါအဝင် မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေက ကစားသမား စုစုပေါင်း ၆၆၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ မြန်မာနိုင်ငံက ကစားသမား ၈ ဦး၊ နည်းပြ၊ အုပ်ချုပ်သူ ၅ ဦးနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မြန်မာဉာဏ်ရည်မမီ အားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုတွေကို မီတာ ၁၀၀ ပြေးခုန်ပစ်ပြိုင်ပွဲကနေ မအိမွန်ကျော်က ရွှေ ၁ ခု၊ မီတာ ၈၀၀ ပြေးခုန်ပစ်ပြိုင်ပွဲကနေ မောင်ထွန်းတာယာက ရွှေတံဆိပ် ၁ ခု၊ ဘိုချီပြိုင်ပွဲကနေ မောင်ဇော်မျိုးနိုင်က ရွှေ ၁ ခု ရယူပေးခဲ့တာ ဖြစ်ပါတယ်။ တခြားဆုတံဆိပ် ၆ ခုကိုလည်း ပြေးခုန်ပစ်နဲ့ ဘိုချီပြိုင်ပွဲတွေကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူဖိတ်ခေါ် ဉာဏ်ရည်မမီပြိုင်ပွဲမှာ ပြေးခုန်ပစ်၊ ရေကူး၊ ကြက်တောင်၊ ဘိုးလင်း၊ ဘောလုံးနဲ့ စားပွဲတင်တင်းနစ် ပြိုင်ပွဲအမျိုးအစား ၇ မျိုး ထည့်သွင်းကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ပြေးခုန်ပစ်နဲ့ ဘိုချီပြိုင်ပွဲ နှစ်မျိုးမှာပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဆုတံဆိပ်စုစုပေါင်း ၉ ခု ရယူနိုင်ခဲ့တဲ့ မြန်မာဉာဏ်ရည်မမီ အားကစားအဖွဲ့အတွက် ဂုဏ်ပြုပွဲကိုလည်း မေလ ၂၄ ရက်က ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။
4 years Ago
Up