စင်ကာပူတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၆ ဦးရှိပြီ

August 31, 2016

စင်ကာပူတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၂ ဦးရှိပြီ

စင်ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ကူးစက်မှု လက္ခဏာရှိတဲ့ ကိုယ်ဝန်ဆောင်တွေအားလုံး စစ်ဆေးမှုခံယူဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ တိုက်တွန်းထားတယ်။ လက်ရှိ ပြည်တွင်းမှာပဲ ဇီကာဗိုင်းရပ်စ် ကူးစက်မှု ၈၂ မှုတွေ့ရှိထားပြီး ကူးစက်မှုဖြစ်တဲ့နေရာတွေမှာ ခြင်အမြစ်ပြတ်နှိမ်းနင်းရေးကို အစိုးရက အလေးထား ဆောင်ရွက်နေပါတယ်။ အမေရိကန်အစိုးရလည်း သြစတြေးလျ၊ ထိုင်ဝမ်နဲ့ တောင်ကိုရီးယားအစိုးရတွေလိုပဲ သူတို့နိုင်ငံသား ကိုယ်ဝန်ဆောင်တွေကို မလိုအပ်ပဲ စင်ကာပူနိုင်ငံကို ခရီးမသွားရောက်ကြဖို့ တိုက်တွန်းထားပါတယ်။ အခုနောက်ဆုံး ဇီကာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုဟာ ဘရာဇီးနိုင်ငံကနေ စတင်ခဲ့ပြီး အမေရိကနိုင်ငံတွေကို ကူးစက်ပျံ့နှံ့နေတာပါ။ စင်ကာပူနိုင်ငံမှာ ကူးစက်ပျံ့နှံ့မှုကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကြားမှာ ဖြစ်ပွားနေပြီး လက်ရှိထက် ကူးစက်မှုပိုမြင့်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ အမျိုးသားနဲ့ အတူနေထိုင်သူ အမျိုးသမီးတွေလည်း ဗိုင်းရပ်စ်လက္ခဏာ ပြပြ၊ မပြပြ၊ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေတဲ့နေရာမှာ နေနေ၊ မနေနေ၊ ဆေးစစ်ကြဖို့ ကျန်းမာရေးအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
5 years Ago

August 30, 2016

စင်ကာပူတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၆ ဦးရှိပြီ

စင်ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၁၅ ဦးတိုးခဲ့တဲ့အတွက် စုစုပေါင်း ကူးစက်ခံရသူ ၅၆ ဦး အထိရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ သြဂုတ် ၂၉ ရက်နေ့ မနက်ပိုင်းမှာပဲ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး ညနေပိုင်းမှာ နောက်ထပ် ၁၅ ဦး ထပ်တိုးလိုက်တာပါ။ လက်ရှိတော့ ၇ ယောက်ပဲ ဆေးကုသမှုခံယူနေပြီး ကျန်သူတွေအားလုံးကတော့ လုံးဝပျောက်ကင်းသွားပြီလို့လည်း ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။ စင်ကာပူနိုင်ငံမှာ ကူးစက်ခံရသူတွေဟာ ဇီကာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ ဒေသတွေကို သွားရောက်ခဲ့ခြင်း မရှိခဲ့တဲ့အတွက်ကြောင့် စင်ကာပူနိုင်ငံထဲမှာပဲ ကူးစက်ခံရတာဖြစ်မယ်လို့လည်း ကျန်းမာရေး ၀န်ကြီးဌာနကြေညာချက်က ဆိုပါတယ်။ အများစုကတော့ စင်ကာပူနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေဖြစ်ပြီး တနေရာတည်းမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီလုပ်ငန်းခွင်က ၀န်ထမ်းတွေအားလုံးကို ကျန်းမာရေး အာဏာပိုင်တွေက ဆေးစစ်ခဲ့ပြီး အဲဒီပတ်ဝန်းကျင်က တခြားအလုပ်သမားတွေကိုလည်း  ဗိုင်းရပ်စ်စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ ခြင်ကနေပေါက်ဖွားတဲ့ ဗိုင်းရပ်စ်မျိုးဖြစ်ပြီး ကာကွယ်ဆေးရော၊ ကုသဆေးပါမရှိသေးပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ဒီဗိုင်းရပ်စ်ကူးစက်မှုကို ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ကြေညာထားပါတတယ်။
5 years Ago
Up