စင်ကာပူနိုင်ငံကို ဒုံးကျည်နဲ့ပစ်ခတ်ဖို့ ကြံစည်တယ်လို့ သံသယရှိခံရသူ စစ်သွေးကြွတွေ နေတဲ့အိမ်တွေကို အင်ဒိုနီးရှားရဲတွေက သြဂုတ် ၅ ရက်နေ့က ဝင်စီးခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာတမ်ကျွန်းတလွှား မတူတဲ့ နေရာတွေကို စီးနင်းခဲ့တာပါ။ ဒီကျွန်းဟာ စင်ကာပူနိုင်ငံ တောင်ပိုင်းနဲ့ ဆယ်မိုင်သာ ဝေးပါတယ်။
ဆီးရီးယား နိုင်ငံအတွင်း အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ အတူ တိုက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံသား ဘာရွန်နိမ်းနဲ့ အဆက်အသွယ်ရှိတဲ့ သံသယရှိသူ ၆ ဦးကို သြဂုတ် ၅ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
တိုက်ခိုက်ဖို့ စီစဉ်မှုကို တုံ့ပြန်တဲ့အနေနဲ့ စင်ကာပူအစိုးရက လုံခြုံရေးတိုးမြှင့်ဆောင်ရွက် နေပါတယ်။
ဇန်နဝါရီလက အင်ဒိုနီးရှား မြို့တော် ဂျကာတာက လူ ၈ ဦး သေဆုံးတဲ့ တိုက်ခိုက်မှု နောက်ကွယ်မှာ နိမ်းက စီစဉ်ညွှန်ကြားခဲ့တယ်လို့ အင်ဒိုနီးရှား စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြပါတယ်။
အခုကြံစည်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက အတည်မပြုသေးပါဘူး။ ရဲနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ခွဲတို့က စုံစမ်းစစ်ဆေးနေပြီလို့ အမျိုးသား ရဲပြောခွင့်ရ မာတီးနပ်စ် စီတွမ်ပါက ပြောပါတယ်။
ဒါဇင်နဲ့ချီတဲ့ အမျိုးသားတွေဟာ အရှေ့အလယ်ပိုင်းက အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပူးပေါင်းဖို့ သွားခဲ့ကြတယ်လို့ မလေးရှားနဲ့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
စင်ကာပူ အစိုးရကတော့ အိုင်အက်စ်တွေကို ထောက်ခံတယ်လို့ သံသယရှိတဲ့ လူအတော်များများကို ဖမ်းဆီးခဲ့ပြီးပါပြီ။
နိမ်းနဲ့ တခြား အိုင်အက်စ်ခေါင်းဆောင်တွေက အင်ဒိုနီးရှားနဲ့ တခြားနိုင်ငံတွေက ထောက်ခံသူတွေကို အမိမြေမှာတင် တိုက်ခိုက်မှုတွေ လုပ်ဖို့ ခိုင်းနေမှာကို လုံခြုံရေး အရာရှိတွေက စိုးရိမ်နေကြပါတယ်။
6 years Ago