စင်ကာပူနိုင်ငံမှာ အလေးချိန် ၉ ဒသမ ၇ တန် အလေးချိန်ရှိတဲ့ ဆင်စွယ်တွေ စံချိန်တင် သိမ်းဆည်းရမိခဲ့တယ်လို့ စင်ကာပူအစိုးရက ဇူလိုင် ၂၃ ရက်နေ့မှာ ပြောပါတယ်။
အဲဒီဆင်စွယ်တွေဟာ ခန့်မှန်းခြေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၉ သန်း တန်ဖိုးရှိပြီး အများစုဟာ အာဖရိကမျိုးနွယ် ဆင်တွေဆီက ဖြစ်ပါတယ်။
ကွန်ဂိုကနေ ရောက်လာတဲ့ အဲဒီဆင်စွယ်တွေကို စင်ကာပူကတဆင့် ဗီယက်နမ်ကိုပို့ဖို့ မှောင်ခိုသမားတွေက စီစဉ်ထားတာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
စင်ကာပူနိုင်ငံဟာ တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်သွယ်ရေးလမ်းကြောင်းမှာ အချက်အချာကျတဲ့ နေရာတခု ဖြစ်နေတယ်လို့ တိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့တွေက ပြောကြပါတယ်။
ဆင်စွယ်တွေအပြင် အလေးချိန် ၁၃ တန်ကျော်ရှိတဲ့ သင်းခွေချပ် အကြေးခွံတွေကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ အခုနှစ်အတွင်း စင်ကာပူနိုင်ငံမှာ တတိယအကြိမ်မြောက် ပမာဏ အများအပြား သိမ်းဆည်းရမိတာပါ။ သင်းခွေချပ် အကြေးခွံတွေဟာ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၇ သန်း တန်ဖိုးရှိပါတယ်။
မျိုးတုန်းလုနီးပါး အန္တရာယ်ကျရောက်နေတဲ့ ဒေသမျိုးရင်း တိရစ္ဆာန်တွေနဲ့ အပင်ဆိုင်ရာ နိုင်ငံတကာ ကုန်သွယ်ရေးညီလာခံ (CITES) မှာ လက်မှတ်ရေးထိုးထားတဲ့ စင်ကာပူနိုင်ငံက တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်သွယ်ရေးကို တကမ္ဘာလုံးအင်အားနဲ့အတူ ပူးပေါင်းတိုက်ဖျက်ဖို့ ကတိပြုထားတယ်လို့ ပြောပါတယ်။
4 years Ago