စခရင်ကို စိုက်ကြည့်လိုက်ရုံဖြင့် ဖွင့်ပေးနိုင်မည့် စမတ်ဖုန်း

July 5, 2015

အမ်ပီတီက ဆွေသဟာဖြင့် ဖုန်းပြောခဈေးနှုန်းလျှော့ချ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) က ဖုန်းခေါ်ဆိုခနှုန်းထားတွေကို လျှော့ချတော့မယ်လို့ ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဆွေသဟာအစီအစဉ်သုံးတဲ့ ဂျီအက်စ်အမ်ဖုန်းတွေနဲ့  စီဒီအမ်အေ ၄၅၀/၈၀၀ ဖုန်းခေါ်ဆိုခတွေကို တစ်မိနစ်မှာ ၂၃ ကျပ် သတ်မှတ်လိုက်တာပါ။ ဒီသတ်မှတ်နှုန်းဟာ ဇူလိုင်လ ၈ ရက်နေ့ နံနက် အချိန်က စမှာဖြစ်ပါတယ်။  ဒါဟာ ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော အမ်ပီတီ ဖုန်းက တခြားအော်ပရေတာတွေရဲ့ ဖုန်းတွေကို ခေါ်တာရောအတွက်ပါဖြစ်ပါတယ်။ အင်တာနက်သုံးခနဲ့ မက်ဆေ့ဂ်ျ ပို့ခတွေကတော့ အရင်အတိုင်းပဲ ဖြစ်မှာပါ။ စီဒီအမ်အေ သုံးစွဲသူတွေအတွက် ဒီနှုန်းထားကို အလိုအလျောက်ရမှာဖြစ်ပေမယ့် ဂျီအက်စ်အမ် သုံးသူတွေကတော့ ဆွေသဟာ အစီအစဉ်ကိုရယူရမှာဖြစ်ပြီး ၁၃၃၂ ကို SWE လို့ စာတိုပေးပို့ရမှာပါ။ ဈေးနှုန်းအသစ်သတ်မှတ်တဲ့ အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၅ ရက်ကနေ ရ ရက်နေ့အတွင်း ငွေဖြည့်ရာမှာလည်း အပိုထပ်ဆောင်းငွေတွေပေးမယ်လို့ ကြေညာထားပါတယ်။ မြန်မာ့ ဆက်သွယ်ရေးဈေးကွက်ကို တဦးတည်းချုပ်ကိုင်ခဲ့တဲ့ အမ်ပီတီ ဟာ နိုင်ငံခြား အော်ပရေတာနှစ်ခု စတင်လုပ်ကိုင်လာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ သုံးစွဲသူ ၁၁ သန်းရှိခဲ့တာကနေ မတ်လကုန်မှာ ၈ ဒသမ ၄ သန်းအထိ လျော့ကျသွားခဲ့တာပါ။
6 years Ago

June 7, 2015

လူ ၁၂ ဦး နေနိုင်သည့် ရွေ့လျား ဗုံးခိုကျင်း

လူတချို့အမြဲလိုလို အသင့်ပြင်ထားချင်တဲ့ကိစ္စဟာ ခုဆိုရင် ဖြစ်လာနိုင်ပါပြီ။ ထိတ်လန့်ဖွယ်ရာ အကောင်းဆုံးအခြေအနေတွေနဲ့ ကြုံလာရင်တောင် ရွေ့လျားဗုံးခိုကျင်းတွေ ဆောင်ထားချင်သူတွေအတွက်ပဲ ဖြစ်ပါတယ်။ ခုဆိုရင် ဒီဗုံးခိုကျင်းတွေကို စမ်းသပ်အောင်မြင်ထားပြီးဖြစ်တယ်လို့ အက်စတိုးနီးယန်းကုမ္ပဏီဖြစ်တဲ့ တယ်ရာမစ်လ်မှ ပီတာကာ့ဆီက ဆိုပါတယ်။ "ကျနော်တို့က ၈၁ မမ မော်တာ၊ ဟောင်ဝစ်ဇာ၊ အကြီးဆုံးဆိုတဲ့ ၁၅၅ မမ မော်တာ စတဲ့ လက်နက်အမျိုးမျိုးနဲ့ ဒီဗုံးခိုကျင်းတွေကို စမ်းသပ်ပြီးပါပြီ။ ခုဆိုရင် မြင်ရတဲ့အတိုင်းပဲ ထိခိုက်ပျက်စီးမှု မရှိတာကို တွေ့ရမှာပါ။ ဒီထက်ပိုပြီးတောင့်တင်းအောင် ဒီကျင်းရဲ့အပေါ်နဲ့ ဘေးဘက်တွေမှာ အပိုးတွေ ထပ်ထည့်ထားပါတယ်။ ကျင်းထဲမှာ ခိုလှုံနေသူတွေအတွက် အန္တရာယ်ရှိနိုင်တဲ့ ဖိအား၊ တုန်ခါမှု၊ အသံ စတာတွေ ကို တိုင်းဖို့ စက်တွေလည်း အထဲမှာ တပ်ဆင်ပေးထားပါတယ်။ ထပ်လောင်းပြီးပြောရရင် ခုထိ စမ်းသပ်ပြီးသမျှ ကျနော်တို့ရဲ့ ဗုံးခိုကျင်းမှာ ဘာထိခိုက်မှုမှ မရှိပါဘူး။" ကျင်းထဲမှာတော့ လူ ၁၂ ယောက်အိပ်နိုင်လောက်အောင် ကျယ်ဝန်းပါတယ်။ မီးစက်၊ ရေခဲသေတ္တာနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေထည့်နိုင်အောင် ကျင်းရဲ့ဖွဲ့စည်ပုံကို ပြောင်းလဲနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဗုံးခိုကျင်းရဲ့ အစိတ်အပိုင်းအများစုကို ပလစ်စတစ်နဲ့ တည်ဆောက်တာမို့ ပေါ့ပါးပြီး သယ်ယူရလွယ်ပါတယ်။ သူ့ကို တူးထည့်ဖို့ မြေတူးစက်ပဲ လိုအပ်ပါတယ်။ ဒါဟာ နည်းပညာနဲ့ သဘာဝ ကို ပေါင်းစပ်ထားတာမို့ သိပ်ကိုထိရောက်တယ်လို့ ကာ့ဆီ က ဆိုပါတယ်။ ခုဆိုရင် တယ်ရာမစ်လ် ကုမ္ပဏီက သယ်ရလွယ်တဲ့ ဗုံးခိုကျင်းတွေကို ဒီနှစ်ကစပြီး ရောင်းချနေပါပြီ။ ကမ္ဘာတ၀ှမ်းလုံးမှာ စိတ်ဝင်စားကြတဲ့ ဖောက်သည်တွေကို တွေ့နေရတယ်လို့ ဆိုပါတယ်။ "စစ်မက်ထူပြောတဲ့ဒေသတွေ ဒါမှမဟုတ် စစ်မက်အန္တရာယ်ရှိလာနိုင်တဲ့ ဒေသတွေမှာ လူတွေကို ကာကွယ်ဖို့နဲ့ ပုန်းခိုဖို့ ဒီဗုံးခိုကျင်းကို သုံးနေကြပြီ။" လူ ၁၂ ယောက်အတွက် အိပ်စင်တွေ ပြင်ရရင်ကိုပဲ ကုန်ကျစရိတ်က မသေးလှပါဘူး။ ဒါကြောင့် ခုလို ပြင်ဆင်ထားတဲ့ ဗုံးခိုကျင်းတခုကို အမေရိကန်ဒေါ်လာ ၂ သောင်း ကျသင့်မှာဖြစ်ပါတယ်။ [gallery ids="96529,96530,96531,96532,96533,96534,96535,96536,96537,96538"]
6 years Ago

မြွေလိုလှုပ်ရှားနိုင်သည့် အသန်မြန်ဆုံးစက်ရုပ်

မြွေစက်ရုပ်ကို ဘေးချိတ်ပြီး ဧရာမမြွေကြီးအတွက် လမ်းဖယ်ပေးလိုက်ပါတော့။ ကာနက်ဂျီ မယ်လွန်တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ မြွှေလို လှုပ်ရှားနိုင်တဲ့ ယန္တရားတွေကို ဗဟိုမဏ္ဍိုင်နဲ့ ချိတ်ဆက်ပြီး တီထွင်ခဲ့ဖူးသမျှထဲမှာ အသန်မြန်ဆုံးစက်ရုပ်တရုပ်ကို ဖန်တီးခဲ့ပါတယ်။ နည်းပညာရဲ့ ပင်မအချက်အချာကတော့ တခုနဲ့ တခု ချိတ်ဆက်ထားတဲ့ အဆစ် ကလေးတွေပါ။ တပ်ဆင်ရ လွယ်ကူသလို အတိအကျ စေခိုင်းလို့ရတဲ့ စက်ရုပ်တွေအဖြစ် မိနစ်ပိုင်းအတွင်းမှာ ပရိုဂရမ် သွင်းပေးနိုင်ပါတယ်။ "ကျနော်တို့ ဒီဇိုင်းထုတ်ထားတဲ့ ဒီအဆစ်တွေနဲ့ တခြားအဆစ်တွေက ကတ်ချင်းတေ့ဆက် ကစားရတဲ့ လက်ဂိုနဲ့ တူနေတယ်။ ဒီအဆစ်လေးတွေကို လက်ဂို ဆက်သလို အလွယ်တကူ ဆက်လို့ ရတယ်။ ဒါပေမယ့် ဒီအဖုံးရဲ့အောက်မှာ ဒီလိုဖြစ်လာအောင် ပံ့ပိုးတဲ့အချက်တွေအများကြီးပဲ။" အဆစ်တခုဆီဟာ အခြေခံအားဖြင့် ဒီစက်ရုပ်တရုပ်လုံးကို ထိန်းချုပ်နိုင်တဲ့ ကွန်ပျူတာတလုံးပါပဲ။ ဒီအဆစ်အချင်းချင်း ၀က်အူရစ်နဲ့ တေ့ဆက်နိုင်သလို အီသာနက်ကွန်ရက်ကတဆင့် ဆက်သွယ်နိုင်ပါတယ်။ အဆစ်တွေ ပိုများလာတဲ့အခါ ထက်မြတ်တဲ့ စက်ရုပ်တရုပ်ဖြစ်လာပြီး ယန္တရားရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်လို့ ချော့ဆက် က ဆိုပါတယ်။ မြွေကြီးတကောင် သဘာဝဘေးဒဏ်သင့်ဇုန်ထဲက အပျက်အစီးပုံပေါ်မှာ သွားနေတယ်လို့ တွေးကြည့်လိုက်ပါ။ တောင်စောင်းတလျှောက် သူ့ရဲ့ဘီးတွေနဲ့ လျှောတိုက်ဆင်းသွားပြီ အဆောက်အဦ ပျက်ထဲကို တွားဝင်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာနေတယ်လို့ တွေးကြည့် လိုက်ပါ။ ဒီလို စွမ်းဆောင်နိုင်ဖို့က သိပ်မဝေးတော့ပါဘူး။ ဒီစက်ရုပ်ကို အဝေးကြီးက အော်ပရေတာ ထိန်းချုပ်နေတဲ့ သူလို အလားတူ စက်ရုပ်နဲ့လည်း ဆက်သွယ်ပေးနိုင်ပါတယ်။ "ဆင့်ကဲထိန်းချုပ်လို့ရအောင် ကျနော်တို့ တည်ဆောက်ထားပါတယ်။ ပင်မစက်ရုပ်က ထိန်းချုပ် စေခိုင်းတဲ့အတိုင်း လက်ခွဲစက်ရုပ်က လိုက်လုပ်ပေးပါတယ်။" ဒီစက်ရုပ်ထမ်းဆောင်နိုင်တဲ့တာဝန်တွေက အကန့်အသတ်မရှိဘူးလို့ ချော့ဆက် က ဆိုပါတယ်။ သုတေသနပညာရှင်တွေဟာ တီထွင်သူတွေအဖို့ အလွယ်တကူ တပ်ဆင်ပြီး ပရိုဂရမ်သွင်းပေးနိုင်အောင် ဒီစက်ရုပ်ကို ဒီဇိုင်းထုတ်ပေးခဲ့တာပါ။ အခြေအနေအမျိုးမျိုးအတွက် အလွယ်တကူသုံးနိုင်ပြီး အလုံးစုံအားထားနိုင်တဲ့ ဒီလိုမြွေစက်ရုပ်တွေ သိပ်မကြာခင်မှာ ထုတ်လုပ်နိုင်တော့မယ်လို့ ချော့ဆက်က ပြောပါတယ်။ [gallery ids="96454,96455,96456,96457,96458,96459,96460,96461,96462,96463,96464"]
6 years Ago
Up