စက္ကူကို ဒေါ်လာပြောင်းနိုင်သည်ဟု လိမ်လည်သူ ၂ ဦး ရုရှားရဲဖမ်းဆီး (ရုပ်သံ)

August 20, 2015

စက္ကူကို ဒေါ်လာပြောင်းနိုင်သည်ဟု လိမ်လည်သူ ၂ ဦး ရုရှားရဲဖမ်းဆီး (ရုပ်သံ)

စက္ကူကို ငွေအဖြစ် ပြောင်းနိုင်တဲ့ မှော်ဆန်တဲ့ အရည်တွေကို ရောင်းချဖို့ ကမ်းလှမ်းတဲ့ အာဖရိကနိုင်ငံသား ၂ ဦးကို ရုရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ သြဂုတ် ၁၈ ရက် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်မှာ ဒေါ်လာ ၁၀၀ တန်နဲ့ အရွယ်အစားတူတဲ့ စက္ကူတွေ၊ ဓာတုပစ္စည်းမျိုးစုံနဲ့ ဒီလူ ၂ ဦး ပါတဲ့ ရုပ်သံဖိုင်ကို တင်ထားပါတယ်။ ဖမ်းဆီးထားသူ ၂ ဦးဟာ အသက် ၃၈ နှစ်နဲ့ ၄၃ နှစ် အမျိုးသားတွေဖြစ်ပြီး အာဖရိက အလယ်ပိုင်း နိုင်ငံကနေ ရုရှားကို လာတဲ့သူတွေလို့ ရဲတွေက ပြောပါတယ်။ စက္ကူအနက်တွေကို အရည်တမျိုး ဖြန်းလိုက်ရင် ဒေါ်လာ ၁၀၀ တန် ပြောင်းပေးမယ်ဆိုပြီး သူတို့ ၂ ဦးက ရောင်းချနေတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို သူတို့က လူတွေရှေ့မှာ လုပ်ပြပြီး ဒေါ်လာအတုကို အစစ်နဲ့ တိတ်တဆိတ် လဲထားလိုက်ပါတယ်။ ဒီနောက် ပိုက်ဆံလဲနိုင်တဲ့ နေရာတွေမှာ အစစ်ဖြစ်ကြောင်း သွားစစ်ဆေးနိုင်တယ်လို့ သူတို့က ပြောပါတယ်။ အရည်က ကျန်းမာရေးအတွက် ထိခိုက်နိုင်လို့ သူတို့က မျက်နှာဖုံးနဲ့ လက်အိတ်တွေကို အသုံးပြုတယ်လို့ ဆိုပါတယ်။ သူတို့နဲ့အတူ ဒေါ်လာနဲ့ အရွယ်အစားတူတဲ့ စက္ကူအမည်းထုပ် ၅၇ ဖာကို ဖမ်းဆီးခဲ့သလို လိမ်လည်မှုနဲ့ စွဲချက်တင်ပြီး ဖမ်းဆီးထားပါတယ်။
6 years Ago
Up