စက္ကူ

August 16, 2017

အကြိမ် ၈၀ အထိ ရေးလိုက် ပြန်ဖျက်လိုက်ဖြင့် အသုံးပြုနိုင်မည့် စက္ကူ (ရုပ်သံ)

ကယ်လီဖိုးနီးယားက သိပ္ပံပညာရှင်တွေဟာ မင်အစား အလင်းနဲ့ ပရင့်ထုတ် ရေးသားနိုင်ပြီး ပြန်ဖျက် အသုံးပြုလို့လည်းရတဲ့ စက္ကူတမျိုးကို တီထွင်လိုက်ပါတယ်။ အသုံးပြုမှု မြင့်တက်လာတဲ့ e-reader တွေ၊ စမတ်ဖုန်းတွေနဲ့ အမေရိကန်ပြည်ထောင်စု တခုတည်းမှာတင် တနှစ်ကို တန်ချိန် သန်း ၇၀ လောက် အသုံးပြုနေရဆဲဖြစ်တဲ့ စက္ကူတွေနေရာမှာ အစားထိုးနိုင်ဖို့ ဖြစ်ပါတယ်။ အခုစက္ကူအသစ်က ရေးခြင်းနဲ့ ပြန်ဖျက်အသုံးပြုခြင်းကို အကြိမ် ၈၀ ထိ ပြုလုပ်နိုင်တာကြောင့် ဒီပမာဏကို ထိထိရောက်ရောက် လျှော့ချနိုင်လိမ့်မယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်က ဓာတုဗေဒပညာရှင် ရေးဗားဆိုက် (Riverside) က မျှော်လင့်ထားပါတယ်။ ဒီနည်းပညာရဲ့ အဓိကကုန်ကြမ်းပစ္စည်းက ဆံချည်မျှင်ထက် အဆ ၁၀၀၀ ပိုမိုသေးငယ်တဲ့ နာနိုသတ္တုအမှုန်တွေပဲ ဖြစ်ပါတယ်။ "ဒါကို ကျနော် ပြောပြောနေတဲ့ နာနိုအမှုန်တွေနဲ့ လုပ်ထားတာပါ။ ဒါကို အပြာရောင်ရှိတဲ့ ဆိုးဆေးနဲ့ ရောပြီး အောက်ခံအလွှာတခုခုမှာ သုတ်လိမ်းပေးတာပါ။ စက္ကူပေါ်မှာ သုတ်လိမ်းနိုင်သလို ဖန်နဲ့ ပလတ်စတစ်တွေမှာလည်း သုတ်လိမ်းနိုင်ပါတယ်။  ဒီအပေါ်မှာ တိပ်ပြားတခု ဖုံးပြီးတာနဲ့ စာရေးလို့ရပါပြီ။ နောက် ထိပ်ကနေ ၂ မိနစ်လောက် အလင်းရောင်ပေးလိုက်ရင် အောက်ခံပစ္စည်းမှာ ရေးထားတဲ့ စာတွေကို မြင်ရမှာပါ။" နာနိုဆိုးဆေး အမှုန်တွေဆီက အီလက်ထရွန်ကို လေထဲက အောက်ဆီဂျင်က ယူသွားပြီး သူတို့ရဲ့ မူလအရောင် ပြန်ဖြစ်သွားတာကြောင့် ၅ ရက်လောက် နေတဲ့အခါ ရေးထားတဲ့စာတွေ ပြန်ပျောက်သွားပါတယ်။ စာရွက်ကို အပူပေးလိုက်ရင် ဒီဖြစ်စဉ်က ပိုမိုမြန်ဆန်လာတာကြောင့် မိနစ်ပိုင်းအတွင်း ပြန်ပြီးသုံးပြုနိုင်ပါတယ်။ ဒါက စက္ကူအသုံးမပြုရေး အဖွဲ့အစည်းတခုရဲ့ လက်တွေ့နဲ့ နီးစပ်လာစေတဲ့ ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။
4 years Ago
Up