စက်သုံးဆီအရောင်းဆိုင်

A d v e r t i s e m e n t With Us

March 25, 2020

ဘားအံတွင် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုကြောင့် ၃ ဦးဒဏ်ရာရ၊ သိန်း ၄၅၀ ဖိုးခန့် ဆုံးရှုံး

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဆီသယ်ယာဉ်အတွင်းကနေ ဆီပေပါထဲ ဆီဖြည့်စဉ် အပူလွန်ကဲ မီးလောင်ခဲ့တဲ့အတွက် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျပ်သိန်း ၄၅၀ ဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဘားအံမြို့ အမှတ် ၉ ရပ်ကွက်၊ ဘားအံ-လှိုင်းဘွဲ လမ်းဆုံအနီး ရတနာမြေ (၁) စက်သုံးဆီအရောင်းဆိုင်မှာ မတ် ၂၄ ရက် ညနေ့ ၅ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ ကရင်ပြည်နယ်၊ မီးသတ်ဦးစီးမှူး၊ ဦးစိုးဝင်းက “မီးက စက်သုံးဆီဆိုင်ဖြစ်လို့ ကျနော်တို့ လာတဲ့အချိန်မှာ မီးက တော်တော်တက်နေပြီဆိုတော့ ပတ်ဝန်းကျင် ဘယ်လိုမှ ကပ်လို့မရတဲ့ အနေအထားကို မီးသတ်တပ်ဖွဲ့ဝင်တွေက မဖြစ်မနေ မရရတဲ့နည်းနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်” လို့ ပြောပါတယ်။ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ဒေါ်ဖြူက “အသံကြားလိုက်တာနဲ့ လှမ်းလည်းကြည့်လိုက်တော့ မီးကတောက်နေပြီးဆိုတော့ ဆိုင်က အလုပ်သမားတွေကလည်း ဝိုင်းပြီးတော့ ငြှိမ်းနေတယ်။ ဒါပေမဲ့ သူတို့မနိုင်တော့ဘူး” လို့ ပြောပါတယ်။ မီးလောင်မှုကြောင့် စက်သုံးဆီဂါလံ ၆၇၀၀၊ ဆီပေပါအလုံး ၁၅၄ လုံး၊ MAN အမျိုးအစား ၂၂ ဘီး ဆီသယ်ယာဉ် ၁ စီး၊ ဆီဂိုဒေါင် ၁ လုံးနဲ့ အဆောင် ၁ လုံး မီးလောင်ခဲ့တဲ့အတွက် ကျပ် ၄၄၇ သိန်းကျော်ဖိုး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ခရိုင်မီးသတ်ဦးစီးမှုးက ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားရာနေရာကို ပြည်နယ်၊ ခရိုင်၊ မြိုင်ကလေး၊ တရုပ်လှ၊ အိန္ဒုကျေးရွာကမီးသတ်ယာဉ် ၈ စီးနဲ့ မီးငြှိမ်းသတ်နိုင်ခဲ့တဲ့အတွက် မီးလောင်မှုဖြစ်ပွားချိန် ၁ နာရီကျော်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် မီးလောင်ဒဏ်ရာရရှိခဲ့တဲ့ ဆိုင်ဝန်ထမ်း ၃ ဦးကို ဘားအံပြည်သူ့ဆေးရုံကြီးမှာ ပို့‌ဆောင်ဆေးကုသမှုခံယူစေပြီး မီးလောင်မှုကြောင့် ဆိုင်မန်နေဂျာဖြစ်သူ ကိုသန့်ဇင်ထွန်းကို ဘားအံမြို့မရဲစခန်းက ထိခိုက်နာကျင်စေမှုပုဒ်မ ၃၃၇၊ ၃၃၈ ရာဇသတ်ကြီးပုဒ်မ မီးလောင်စေတဲ့ ပေါ့လျော့မှု ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ကရင်ပြည်နယ်မှာ အခုစက်သုံးဆီဆိုင် မီးလောင်မှုအပါအဝင် ၃ ကြိမ်မြောက် လောင်ကျွမ်းတာ ဖြစ်ပါတယ်။ ရဲမင်းခေါင်
12 months Ago
Up