စက်ရုံများ ကျန်းမာရေးစည်းကမ်း လိုက်နာမှု ရှိ မရှိ

October 27, 2020

ပြန်ဖွင့်ခွင့်ပြုထားသည့် စက်ရုံများကို ကျန်းမာရေးစည်းကမ်း လိုက်နာမှု ရှိ မရှိ အွန်လိုင်းမှ စစ်ဆေး

ရန်ကုန်တိုင်းအတွင်း ပြန်ဖွင့်ခွင့်ပြုထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်မှု အဆင့် အေနဲ့ ဘီရ စက်ရုံအလုပ်ရုံ ၆၀၀၀ ကျော်ရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ လိုက်နာမှု ရှိမရှိကို ရန်ကုန်တိုင်းအစိုးရနဲ့ သက်ဆိုင်ရာဌာနတွေပါဝင်တဲ့ ကြီးကြပ်စစ်ဆေးရေးအဖွဲ့တွေက အွန်လိုင်းကနေ စစ်ဆေးနေပါတယ်။  ဒီလိုစစ်ဆေးမှုကို သက်ဆိုင်ရာ ဇုန်ကြီးကြပ်ရေးကော်မတီတွေကို စစ်ဆေးခံဖို့ အသင့်ပြင်ဆင်ပြီးကြောင်း တင်ပြလာတဲ့ စက်ရုံအလုပ်ရုံတွေကို  ZOOM အပလီကေးရှင်းနဲ့   VIDEO Call ခေါ်ပြီး စစ်ဆေးနေတယ်လို့ လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး  ဒေါက်တာခင်မောင်ဦးက ပြောပါတယ်။ လက်ရှိမှာ စက်ရုံအလုပ်ရုံတွေရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ လိုက်နာမှုကို အွန်လိုင်းစနစ်နဲ့ စစ်ဆေးနေတဲ့အပေါ်အလုပ်သမားအဖွဲ့စည်းတွေနဲ့ အလုပ်သမားတွေအကြားမှာတော့ ဝေဖန်မှုတွေ ရှိနေပြီး၊  ဒီလို ကျန်းမာရေးပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်မှုက လုပ်ငန်းရှင်တွေရော၊ လုပ်သား တွေပါ နှစ်ဦးနှစ်ဖက် လုံးလိုက်နာဆောင်ရွက်ဖို့လိုနေအပ်နေတာပါ။ ဒါကြောင့် နှစ်ဘက်လုံးရဲ့အသံကို နားထောင်နိုင်ဖို့ မြေပြင်ကွင်းဆင်းစစ်ပေးဖို့လိုတယ်လို့ အလုပ်သမားအဖွဲ့စည်းတွေက အကြံပြုတာ တွေလည်း ရှိနေပါတယ်။ စီးပွားရေးပိုင်းဆိုင်ရာနဲ့အလုပ်သမားတွေ လုပ်ခဆုံးရှုံးတဲ့အခြေအနေတွေကြောင့် ရန်ကုန်တိုင်း အတွင်းက ယာယီပိတ်ခဲ့ရတဲ့ စက်ရုံအလုပ်ရုံတွေကို အမျိုးသားအဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ရန်ကုန်တိုင်းအစိုးရက ပြန်ဖွင့်ခွင့်ပြုထားတာပါ။  သတင်း - ဇာခြည်
2 years Ago
Up