စက်ရုံပိတ်

April 29, 2020

အသားထုတ်လုပ်ရောင်းချသည့် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးများ စက်ရုံပိတ်

အသားထုတ်လုပ်ရောင်းချတဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးတွေက ဝန်ထမ်းတွေ ဖျားနာပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို စိုးရိမ်လို့ စက်ရုံပေါင်း ၂၀ လောက်ကို ရပ်နားထားလိုက်ပါတယ်။ စမစ်ဖီးလ်ဒ်ဖုဒ်အင်တာနေရှင်နယ်ကော်ပိုရေးရှင်း၊ ကားလ်ဂီလ်အင်တာနေရှင်နယ် ကော်ပိုရေးရှင်းနဲ့ တိုင်ဆန်စားသောက်ကုန် အင်တာနေရှင်နယ်ကော်ပိုရေးရှင်းတို့က မြောက်အမေရိကအခြေစိုက် သားသတ်ရုံနဲ့ အသားထုတ်လုပ် ထုပ်ပိုးတဲ့ စက်ရုံပေါင်း ၂၀ လောက်ကို ရပ်လိုက်တာပါ။ စက်ရုံတွေ ရပ်လိုက်ရတဲ့အတွက် အသားထုတ်လုပ်ဖြန့်ဖြူးမှုကွင်းဆက် ပြတ်တောက်ပြီး အသားရှားပါး ပြတ်လပ်မှာကို စိုးရိမ်မှု တိုးလာနေပါတယ်။ တဖက်မှာလည်း မွေးမြူရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို မရောင်းရ ဖြစ်နေတာပါ။ အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်က ဝက်မွေးမြူရေးသမားတွေကတော့ သူတို့ရဲ့ တိရစ္ဆာန်တွေကို ထားစရာနေရာမရှိတော့တဲ့အပြင် ကျွေးစရာလည်း ငွေမဝင်လို့ သုတ်သင်ပစ်ဖို့ ရက်စက်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရပါတယ်။ တချို့ကတော့ သူတို့ဝက်တွေကို ဗိုက်ပြည့်ပြီး အာဟာရမပါတဲ့ ပဲပုပ်စေ့အခွံတွေ ကျွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ဟာ အဝယ်တော်တွေကို လိုက်ရှာခဲ့ကြပေမယ့် စက်ရုံတွေ ကိုယ်တိုင် ပိတ်ထားလို့ ရောင်းစရာ နေရာမရှိ ဖြစ်နေကြတာပါ။  ဒီပြဿနာဟာ ကျွဲနွားတို့ထက် ဝက်မွေးမြူရေးလုပ်ငန်းကို ပိုထိခိုက်ခဲ့ပါတယ်။ ကျွဲ နွားတွေကို ပိုင်ရှင်တွေက စားကျက်လှန်ထားလို့ အစာကျွေးစရိတ် ကုန်ကျသက်သာနေ တာပါ။ အမေရိကန်ဝက်တွေကတော့ အပူချိန် ထိန်းချုပ်ထားတဲ့ အဆောက်အဦတွေထဲမှာ စပ်ထားတဲ့ အစာတွေ ကျွေးပြီး ဝဖြီးအောင် အသားတိုးအောင်ထားကြတာ ဖြစ်ပါတယ်။  သားသတ်ရုံတွေ ပိတ်ထားရတဲ့အတွက် ကုန်စုံဆိုင်တွေကို ပံ့ပိုးမှု ကန့်သတ်ဖို့ သန်းနဲ့ချီတဲ့ ကြက်၊ ဝက်၊ ကျွဲ၊ နွားတွေကို ညင်ညင်သာသာ သတ်ပစ်ဖို့ လိုတယ်လို့ အမေရိကန် အသားထုတ်လုပ် ဖြန့်ဖြူးသူ တိုင်ဆန်ဖုဒ်စ်ရဲ့ ဥက္ကဋ္ဌ ဂျွန်တိုင်ဆန်က ပြောပါတယ်။ မွေးမြူရေးသမားတွေကို ကူညီပြီး ဈေးကွက်ရှာပေးဖို့နဲ့ လိုအပ်ရင် တိရစ္ဆာန်တွေကို ညင်ညင်သာသာ သုတ်သင်စွန့်ပစ်ဖို့ အမျိုးသားညှိနှိုင်းဆောင်ရွက်ရေးဌာနကို ဖွဲ့စည်းနေတယ်လို့ အမေရိကန် စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန USDA က သောကြာနေ့မှာ ပြောခဲ့ပါတယ်။ ကမ္ဘာ့ကူးစက်ရောဂါ ကပ်ဘေးအတွင်း အလုပ်ပြုတ်သွားတဲ့ သန်းချီတဲ့ လုပ်သားတွေနဲ့ စားနပ်ရိက္ခာဘဏ်တွေကို အားကိုးနေရတဲ့လူတွေကို ကျွေးဖို့ သူတို့ရဲ့ ကောက်ပဲသီးနှံတွေနဲ့ အသားတွေကို လှူဒါန်းရင်း ဂုဏ်ယူခဲ့တဲ့ စိုက်ပျိုးမွေးမြူရေးသမားတွေဟာ ခုတော့ အကျိုးမဲ့ သတ်ဖြတ် ဖျက်ဆီးရမယ့် အရေးနဲ့ရင်ဆိုင်နေရပါပြီ။ နိုင်ငံလုံးဆိုင်ရာ ဝက်သားထုတ်လုပ်သူများကောင်စီရဲ့ အဆိုအရ ဝက်မွေးသူတွေဟာ ကပ်ဘေးကြောင့် ၂၀၂၀ ပြည့်နှစ်ရဲ့ လက်ကျန်ကာလမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ဆုံးရှုံးမယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်အစိုးရက လတ်တလော ကြေညာခဲ့တဲ့ လယ်သမားနဲ့ မွေးမြူရေး လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံတန် အကူအညီ အစီအစဉ်ထဲမှာ သုတ်သင်ခံ မွေးမြူရေး တိရစ္ဆာန်တွေအတွက် ငွေပေးဖို့ကဏ္ဍ မပါပါဘူး။ အစီအစဉ်က ဆွဲနေဆဲဖြစ်တယ် အကူအညီ တောင်းခံစာတွေက ကူညီနိုင်တဲ့ ငွေပမာဏထက် ပိုများနေတယ်လို့ USDAက ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။
12 months Ago

February 1, 2020

ကန်ကျနပူရီတွင် စက်ရုံပိတ်လိုက်သဖြင့် မြန်မာလုပ်သား ၂၅၀ ခန့် အလုပ်လက်မဲ့ဖြစ်နေ

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်မှာ စက်ရုံတရုံက အလုပ်သမားတွေကို ကြိုတင်အကြောင်းမကြားဘဲ ပိတ်ပစ်လိုက်တဲ့အတွက် အလုပ်သမား ပေါင်း ၂၅၀ လောက် အလုပ်ပြုတ်သွားခဲ့ရပြီး အခက်အခဲ ကြုံတွေ့နေရပါတယ်။ ကန်ကျနပူရီခရိုင် ထာ့မကာမြို့ထဲက သတ္တုပုံလောင်းလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စီကာကုမ္ပဏီဟာ ဇန်နဝါရီ ၃၀ ရက်နေ့က ရုတ်တရက် စက်ရုံပိတ်လိုက်တဲ့အတွက် အလုပ်သမားတွေဟာ ကြိုတင်ပြင်ဆင်ချိန်မရလို့ အလုပ်လက်မဲ့ ဖြစ်ကုန်တယ်လို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ ထိုင်း-မြန်မာ အခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ AAC မဟာမိတ်အဖွဲ့တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ “စက်ရုံက ဒေဝါလီခံသွားတာပေါ့နော်။ စက်ရုံအလုပ်ရုံ သူဌေးက ကြိုတင်အသိပေးခြင်း မရှိဘဲနဲ့ အလုပ်ရုံ ပိတ်တာ၊ ပြီးတော့ တရုတ်နိုင်ငံကို ပြန်ပြေးသွားတာ။ အလုပ်သမားတွေက ကျနော်တို့ဆီ ဆက်သွယ်လာလို့ ကျနော်တို့ကလည်း မြန်မာသံရုံး အလုပ်သမား သံအရာရှိတွေနဲ့ ချိတ်ဆက်ပေးလိုက်တယ်။ သူတို့ ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေ ရဖို့နဲ့ အလုပ်အကိုင်သစ်တွေ ရဖို့ပေါ့။ လုပ်အားခတွေတော့ အကုန်ရှင်းပြီးပြီ။ ဒါပေမဲ့ အလုပ်သမား ဥပဒေအရ ကြိုတင်အသိမပေးဘဲ ရုတ်တရက် အလုပ်ထုတ်ခံရရင် မိမိလုပ်သက်အလိုက် နစ်နာကြေးတွေ ရခွင့်ရှိတယ်။ သံအရာရှိတွေလည်း ကိုယ်စားလှယ်လွှတ်ပြီး သွားစစ်ဆေးတယ်လို့ ပြောပါတယ်။”  အဆိုပါအလုပ်သမားတွေမှာ အမ်အိုယူလမ်းကြောင်းမှ တရားဝင် ဝင်ရောက်လာသူတွေ ဖြစ်ပြီး လုပ်သက်မှာ အနည်းဆုံး ၂ လမှ အများဆုံး ၃ နှစ်အထိ ရှိတယ်လို့ ဆိုပါတယ်။  လက်ရှိမှာ အလုပ်သမား သံအရာရှိတွေက လုပ်သက်အလိုက် နစ်နာကြေးနဲ့ သူတို့ အလုပ်အကိုင်သစ်ရရေးတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပြီး အလုပ်သမား ၁၃၀ ကျော်ကတော့ ထိုင်းမှာ ဆက်မနေလိုတော့ဘဲ သူတို့သဘောနဲ့သူတို့ မြန်မာပြည် ပြန်လာခဲ့တယ်လို့ ကိုရဲမင်းက ပြောပါတယ်။  အဆိုပါအလုပ်သမားတွေဟာ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းတို့က ဖြစ်ပြီး မိမိနေအိမ် အဆင်ပြေ ချောမွေ့စွာ ပြန်ရောက်စေဖို့ မြဝတီအခြေစိုက် ကျောက်လုံးကြီး လူကယ်ပြန်စခန်းကနေ လိုအပ်တာ စီစဉ်ပေးနေတယ်လို့ မြဝတီမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ဝင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ အလုပ်သမားတွေ ခုလို ဒုက္ခရောက်လာတယ်ဆိုရင် သက်ဆိုင်ရာ အလုပ်သမား သံအရာရှိတွေနဲ့ ညှိနှိုင်းဖြေရှင်းပေးတယ်။ ရသင့်ရထိုက်တာတွေပေါ့၊ ပြီးတော့ သူတို့နေရပ်တွေ ပြန်ဖို့စီစဉ်ပေးတယ်။ ကားငှားပေးတယ်။ ကျနော်တို့ စီစဉ်ပေးတဲ့ကားနဲ့ ပြန်ရင် ကားခကုန်ကျစရာ မလိုပါဘူးခင်ဗျ။ ချက်ချင်း ပြန်လို့မရသေးတဲ့လူတွေ ဒီစခန်းမှာ ယာယီခိုနားလို့လည်း ရပါတယ်။ စားရေး သောက်ရေး အခက်အခဲရှိရင် ဒီက လူမှုကူညီရေး အဖွဲ့တွေနဲ့ ပေါင်းပြီးကူညီပေးပါတယ်။” ထိုင်းနိုင်ငံမှာ အလုပ်သမားတွေ အလုပ်ပြုတ်ကြောင်း သတင်းတွေ ကြားသိရပေမယ့် မြန်မာပြည်ကို အစုလိုက်အပြုံလိုက် ပြန်ရောက်လာတာတော့ ဒီနှစ်ထဲ ဒီတသုတ်ပဲ ရှိသေးတယ်လို့ ဦးနိုင်ဝင်းထွန်းက ပြောပါတယ်။  ထိုင်းနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ထဲ အမေရိကန်က သူတို့နိုင်ငံကို တင်ပို့မယ့် ကုန်စည်တွေအပေါ် အခွန်ကင်းလွတ်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ကြေညာထားတာကြောင့် စက်ရုံ အလုပ်ရုံတွေ အတော်များများပိတ်ရမယ့် အခြေအနေရှိပြီး အလုပ်သမားပေါင်း ၅ သိန်းကျော် အလုပ်ပြုတ်သွားနိုင်တယ်လို့ အလုပ်သမားအရေး ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
1 year Ago
Up