စက်ဘီးစီးနင်းအဖွဲ့

A d v e r t i s e m e n t With Us

December 28, 2020

မကွေးမြို့၌ ကိုဗစ်ကာလ ကျန်းမာရေး လေ့ကျင့်ခန်းအဖြစ် စက်ဘီးစီးနင်းသူ ပိုများလာ

မကွေးတိုင်းဒေသကြီး မြို့တော် မကွေးမြို့မှာ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ကျန်းမာရေးလေ့ကျင့်ခန်းအဖြစ် စက်ဘီးစီးနင်းတဲ့သူ အရေအတွက် ပိုမိုများပြာလာတယ်လို့ Free Stars စက်ဘီးစီးနင်းသူများ အဖွဲ့ကနေ သိရပါတယ်။ မကွေးမြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်က စက်ဘီးမြို့တော်တစ်ခု ဖြစ်ခဲ့ပြီး နည်းပညာတိုးတက်လာတာနဲ့အမျှ ဆိုင်ကယ်စီးနင်းသူ များပြားလာကာ စက်ဘီးနဲ့ သွားလာသူတွေ နည်းပါးသွားခဲ့ပြီး အခုအခါမှာ ကျန်းမာရေး အားကစားနည်းတစ်ခုအဖြစ် ပြန်လည်ခေတ်စားလာတာပါ။ Free Stars စက်ဘီးစီးနင်းသူများအဖွဲ့ခေါင်းဆောင်  ကိုစိုင်းဝဏ္ဏလတ်က “ကိုဗစ်-၁၉ ကာလအတွင်းမှာ အားကစားကွင်းတချို့ ပိတ်ထားတာတွေကြောင့် စက်ဘီးစီးနင်းတဲ့အဖွဲ့လေး ဖွဲ့ပြီးတော့ ကျန်းမာရေးအထောက်အကူပြု ကိုယ်လက်လှုပ်ရှား အားကစားနည်းတစ်ခုအဖြစ် ရွေးချယ်ခဲ့တာ ဖြစ်တယ်”လို့ ပြောပါတယ်။ စက်ဘီးစီးနင်းတဲ့ အားကစားလေ့ကျင့်ခန်းကို တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ စီးနင်းနိုင်ပြီး ကိုဗစ်ကာလအတွင်း လူတိုင်းအတွက် စိတ်ဖိစီးမှုတွေ ရှိနေတာကြောင့် စက်ဘီးစီးခြင်းအားဖြစ် ကျန်းမာရေးအတွက် အထောက်အကူပြုပြီး လန်းဆန်းတက်ကြွလာတယ်လို့ ဆိုပါတယ်။ Free Stars စက်ဘီးစီးနင်းသူများ အဖွဲ့ဝင် မဝင်းယုမော်က “စက်ဘီးစီးနင်းပြီး လေကောင်းလေသန့် ရှူရှိုက်ရတာကြောင့် အဆုတ်အားကောင်းလာပြီး နှာခေါင်းစည်း Mask ကိုလည်း ကြာကြာတပ်နိုင်လာလို့ စက်ဘီးစီးတဲ့ အားကစားနည်းကို ရွေးချယ်တာ”လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ကာလဖြစ်သလို ဆောင်းရာသီ ဒီဇင်ဘာ အားကစားလ ဖြစ်တာကြောင့် မကွေးမြို့ပေါ်မှာ စက်ဘီးစီးနင်းတဲ့သူ အရေအတွက် ပိုမိုများပြားလာနေပါတယ်။ မကွေးမြို့ပေါ်မှာ ကျန်းမာရေး လေ့ကျင့်ခန်းအဖြစ် စက်ဘီးစီးနင်းတဲ့အဖွဲ့  ၁၂ ဖွဲ့လောက် ရှိနေပြီး  စက်ဘီးစီးနင်းတဲ့သူ အရေအတွက် ၂၀၀ လောက်ရှိတယ်လို့  Free Stars စက်ဘီးစီးနင်းသူများအဖွဲ့ကနေ သိရပါတယ်။ သတင်း-မင်းထီး
2 months Ago
Up