စက်ရုပ်

January 24, 2019

တရုတ်နိုင်ငံတွင် စက်ရုပ်များနှင့် အလုပ်လုပ်သည့် ပထမဆုံးဟိုတယ် ဖွင့်လှစ် (ရုပ်သံ)

တရုတ်နိုင်ငံက အင်တာနက် ကုန်သွယ်ရေးလုပ်ငန်းကြီး အလီဘာဘာက လူ့လုပ်အားမပါဘဲ စက်ရုပ်တွေနဲ့ အလုပ်လုပ်တဲ့ ပထမဆုံးဟိုတယ်အဖြစ် ဖလိုင်းဇူး (Flyzoo) ဟိုတယ်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့မှာ ဖွင့်လှစ်လိုက်ပါပြီ။ ဟိုတယ်မှာ တည်းခိုဖို့ စာရင်းပေးသွင်းတာ၊ မျက်နှာကို စကင်ဖတ်ပြီး တံခါးသော့ခတ်တာနဲ့ အသံနဲ့ထိန်းချုပ်ပြီး ရုပ်မြင်သံကြားနဲ့ မီးခလုတ်တွေ ဖွင့်ပိတ်တာတွေပါတဲ့ နည်းပညာမြင့် စက်ရုပ်တွေဟာ လူသားဝန်ထမ်းတွေရဲ့ ကုန်ကျစရိတ်ကို သိသိသာသာ လှျော့ချပေးတယ်လို့ အလီဘာဘာက ပြောပါတယ်။ ဒါ့အပြင် ဧည့်သည်တွေက တခြားလူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်မှုကိုလည်း လျော့စေပါတယ်။ ဓာတ်လှေကားတွေက ဧည့်သည်တွေရဲ့ မျက်နှာတွေကို စကင်ဖတ်ပြီး သူသွားဖို့လိုတဲ့ အထပ်နဲ့ အခန်းကို ခွဲခြားသတ်မှတ်ပေးမှာပါ။ ဒါ့အပြင် ဟိုတယ်အခန်းတံခါးကလည်း မျက်နှာကို စကင်ဖတ်ပြီး ဖွင့်ပေးမှာဖြစ်ပါတယ်။ အလီဘာဘာရဲ့ အသံနဲ့ အမိန့်ပေးလို့ရတဲ့ နည်းပညာက အခန်းတွင်း အပူချိန်ကို ပြောင်းပေးတာ၊ ကန့်လန့်ကာတွေကို ပိတ်ပေးတာနဲ့ အလင်းအမှောင် ချိန်ညှိပေးတာအပြင် အခန်းတွင်းဝန်ဆောင်မှုတွေကို စနစ်တကျ လုပ်ပေးလိမ့်မယ်လို့ ဆိုပါတယ်။ အရင်လက အများပြည်သူအတွက် တရားဝင် ဖွင့်ပေးလိုက်တဲ့ ဒီဟိုတယ်မှာ အခန်းပေါင်း ၂၉၀ ရှိပါတယ်။ မှတ်ဉာဏ်တုနည်းပညာ စွမ်းပကားအတွက် ခင်းကျင်းပြသဖို့ အခွင့်အရေးလည်း ဖြစ်သလို အနာဂတ် ဟိုတယ်လုပ်ငန်းအတွက် ရောင်းချင်တဲ့ နည်းပညာတွေကို ပျိုးထောင်မှုလည်း ဖြစ်ပါတယ်။ ဖလိုင်းဇူးဟိုတယ်ဟာ အလီဘာဘာလုပ်ငန်းရဲ့ ဌာနချုပ်ကနေ လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးမှာ ရှိနေပြီး အခန်းခကတော့ တညကို အမေရိကန်ဒေါ်လာ ၂၀၅ ဒေါ်လာကနေ စပြီး အခန်းအလိုက် ဈေးနှုန်းအစားစား သတ်မှတ်ထားပါတယ်။
3 years Ago

November 28, 2018

နီပေါ ပြည်တွင်းဖြစ် စက်ရုပ်များ စားသောက်ဆိုင်တွင် စားပွဲထိုးလုပ်(ရုပ်သံ)

နီပေါနိုင်ငံက ပြည်တွင်းဖြစ် စက်ရုပ်တွေဟာ မြို့တော် ခတ္တမန္ဒူက စားသောက်ဆိုင်တခုမှာ စားပွဲထိုးလုပ်နေကြပါတယ်။ “နော်လို” ဆိုတဲ့ ဒစ်ဂျစ်တယ်နည်းပညာ အပြည့်အဝ အသုံးပြု စားသောက်ဆိုင်ဟာ နီပေါနဲ့ တောင်အာရှ နှစ်ခုစလုံးမှာ စက်ရုပ်တွေက စားပွဲထိုးလုပ်တဲ့ ပထမဆုံး စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ အဲဒီဆိုင်မှာ စားသုံးသူတွေက touch screen အသုံးပြု မှာယူကြသလို စက်ရုပ်စားပွဲထိုးတွေကလည်း ကိုယ့်စားပွဲရှေ့မှောက် အရောက်ပို့ဆောင်ပေးပါတယ်။ ဂျင်ဂျာဆိုတဲ့ စက်ရုပ်စားပွဲထိုးကို ပါလာဆိုတဲ့ နီပေါ နည်းပညာကုမ္ပဏီက ဖန်တီးပြီး SI နည်းပညာ၊ အရာဝတ္ထုနဲ့ စကားသံကို မှတ်မိခြင်းနဲ့ auto-dock စွမ်းဆောင်ရည်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ စက်ရုပ်စားပွဲထိုးတွေရဲ့ သွားလာမှုဟာ နှေးကွေးပေမယ့် သူတို့ကို စားသုံးသူတွေနဲ့ ကလေးတွေက သဘောကျကြပါတယ်။ စားသုံးသူတဦးကတော့ စက်ရုပ်ဝန်ဆောင်မှု ပေးတာကို ကျေနပ်ပျော်ရွှင်တယ်၊ မိသားစုနဲ့ မိတ်ဆွေတွေကို ဒီဝန်ဆောင်မှုအကြောင်း ထောက်ခံပြောဆိုသွားမယ်လို့ ဆိုပါတယ်။
3 years Ago
More News
Up