စက်သုံးဆီဈေး

January 20, 2016

စက်သုံးဆီကို သတ်မှတ်ဈေးအတိုင်း မရောင်းချလျှင် အရေးယူမည်

သတ်မှတ်ဆီဈေးနှုန်းအတိုင်း မရောင်းတဲ့ စက်သုံးဆီဆိုင်တွေကို သက်သေအထောက်အထားနဲ့ တိုင်ကြားနိုင်ပြီး အဲ့ဒီဆိုင်တွေကို အရေးယူမယ်လို့ သမ္မတရုံး အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ မြန်မာနိုင်ငံ စက်သုံးဆီ ဖြန့်ဖြူးရောင်းသူများ အသင်းကလည်း သတ်မှတ်ဆီဈေးနှုန်း၊ အရည်အသွေးနဲ့ အခြင်အတွယ်အတိုင်း ရောင်းချခြင်းမရှိတဲ့ ဆီဆိုင်တွေကို တိုင်ကြားခြင်းဖြင့် ထိန်းကျောင်းပေးဖို့ သတင်းထုတ်ပြန်ထားပါတယ်။ သမ္မတရုံးညွှန်မှူး ဦးဇော်ဌေးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ အသင်းကို တိုင်လို့မှ အသင်းက အရေးမယူရင် စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတွေထံ တိုင်ကြားနိုင်ပြီး ဌာနက စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။ တိုင်ကြားရာမှာ ဆီအရောင်းပြေစာ၊ ဒါမှမဟုတ် ဈေးနှုန်းချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ကို ဓာတ်ပုံရိုက်ပြီး အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားကြဖို့လည်း မေတ္တာရပ်ထားပါတယ်။ ဇန်န၀ါရီ ၁၈ ရက်မှာ မြန်မာနိုင်ငံ စက်သုံးဆီဖြန့်ဖြူးရောင်းသူများ အသင်းက ဒီဇယ်နဲ့ ဓာတ်ဆီ သတ်မှတ်ဈေးနှုန်းတွေ ထုတ်ပြန်ခဲ့ပြီး အဲ့ဒီဈေးအတိုင်း ရောင်းချကြဖို့ စက်သုံးဆီ ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီတွေထံ အကြောင်းကြားခဲ့ပါတယ်။ အဲ့ဒီနောက် ရန်ကုန်က စက်သုံးဆီဆိုင်တွေမှာ ဆီဈေး ပျမ်းမျှ ကျပ် ၁၀၀ လောက် ဈေးချရောင်းချကြပေမယ့် တချို့နယ်မြို့တွေမှာတော့ ဈေးမကျသေးပါဘူး။ မန္တလေးက ဒီဗွီဘီသတင်းထောက် ကိုကျော်ဇေကတော့ မနေ့ကတည်းက ဈေးကျနေပြီလို့ ပြောပါတယ်။ “မန္တလေးမှာ ဆိုင်ကယ်ဆီထည့်မယ်ဆိုရင် အရင်တုန်းက တဂါလံ အနည်းဆုံး ကျပ် ၃၅၀၀ လောက် ပေးရတယ်။ မနေ့က ကျနော် အောက်တိန်း ၉၅ သွားထည့်တော့ ၂၃၅၀ ကျပ် ကျတယ်၊ အကြွေမရှိတော့ ၂၄၀၀ ဖိုး ထည့်ခဲ့တယ်။ အရင်ရက်တွေကထည့်ရင် ၃၂၀၀ နဲ့ ၃၅၀၀ ၀န်းကျင် ကျတာ။” အလားတူ မုံရွာက ဒီဗွီဘီ နယ်မြေခံသတင်းသမား ကိုမိုးမင်းဝင်းကလည်း သူတို့ဆီမှာ ဆီဈေးကျတယ်လို့ ခုလို ပြောပါတယ်။ “မုံရွာ သန်းကုဋေအောင် ဆီဆိုင်မှာတော့ အောက်တိန်း ၉၂ တဂါလံကို ၂၆၀၀ နဲ့ ရောင်းချနေတယ်၊ အရင်းဈေး ၂၉၅၀ အခု ၂၆၀၀ ဖြစ်သွားတာ။” နေပြည်တော်မှာလည်း အခုရက်ပိုင်း စက်သုံးဆီဈေးကျပြီး ဓာတ်ဆီတဂါလံ အရင် ကျပ် ၃၃၀၀ ရောင်းနေရာက အခု ၃၀၀၀၊ ဒီဇယ်တဂါလံ အရင် ကျပ် ၃၀၀၀ ရောင်းနေရာက အခု ၂၅၀၀ ဈေးတွေနဲ့ ရောင်းချနေပါတယ်။ လောင်စာဆီဈေးနှုန်းတွေ စကျနေပြီဖြစ်ပေမယ့် ကုန်စည်သယ်ဆောင်ခနဲ့ ကားခဈေးတွေ မကျသေးဘဲ ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ စက်သုံးဆီဖြန့်ဖြူးရောင်းသူများ အသင်းရဲ့ ဇန်န၀ါရီ ၁၈ ရက် ထုတ်ပြန်ချက်မှာတော့ ဆိပ်ကမ်းရောက်ဆီဈေးနဲ့ ဆီဆိုင်တွေက ရောင်းတဲ့ဈေး အလွန်ကွာဟနေတဲ့အတွက် ဒီဇယ်တလီတာ ကျပ် ၅၀၀၊ အောက်တိန်း ၉၂ တလီတာ ကျပ် ၅၅၀၊ အဆင့်မြင့်ဒီဇယ် တလီတာ ကျပ် ၆၅၀၊ အောက်တိန်း ၉၅ တလီတာ ၆၆၀ ကျပ် အသီးသီးနဲ့ ရောင်းချဖို့ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်ဟာ တနိုင်ငံလုံးမှာရှိတဲ့ ဆီဆိုင်အားလုံးနဲ့ အကျုံးဝင်တယ်လို့လည်း ဆိုပါတယ်။
7 years Ago
Up