နေပြည်တော်မှာ လက်ခံကျင်းပနေတဲ့ အာရှ တာဝေးစက်ဘီးစီး ချန်ပီယံရှစ်ပြိုင်ပွဲတွေကို ဒီနေ့မနက် စတင်ကျင်းပပါတယ်။
ဖေဖော်ဝါရီ ၈ရက်နေ့ကနေ ၁၂ရက်နေ့ထိကျင်းပမယ့် အဲဒီပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အာရှစက်ဘီးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းတို့ တက်ရောက်ခဲ့ပါတယ်။
အာရှနိုင်ငံပေါင်း ၂၄ နိုင်ငံက စက်ဘီးစီးအားကစားသမား တရာကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နာမည်ကြီး ဂျပန်၊ အီရန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ တရုတ်၊ တောင်ကိုရီးယား၊ ဟောင်ကောင် အစရှိတဲ့အသင်းတွေလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
သက်ဆိုင်ရာ ကီလိုမီတာအလိုက် အမျိုးသား၊ အမျိုးသမီး ဂျူနီယာအဆင့်၊ လက်ရွေးစင်အဆင့်နဲ့ ယူ-၂၃ ဆိုပြီး ပြိုင်ပွဲတွေ ထည့်သွင်းကျင်းပခဲ့ပါတယ်။
ပွဲစဉ်အရ Road Race နဲ့ Time Trail ဆိုပြီး နှစ်မျိုးခွဲထားသလို မြန်မာကစားသမား အယောက် ၅၀ ကျော်လည်း ဝင်ရောက်ယှဉ်ပြိုင်နေတာပါ။
နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကနေ စထွက်ပြီး သပြေကုန်းအဝိုင်း၊ ရာဇသိင်္ဂအဝိုင်း၊ အင်ကြင်းပန်းအဝိုင်း၊ မင်္ဂလာအဝိုင်း၊ ခွာညိုအဝိုင်း၊ တော်ဝင်ကြာပန်းအဝိုင်း၊ ဝဏ္ဏသိဒ္ဓိအဝိုင်းကနေ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ပြန်လည်ပန်းဝင်ခဲ့ကြပါတယ်။
ကစားသမားတွေအနေနဲ့ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် တချို့နေရာတွေမှာ ယာဉ်ရှင်းလင်းမှု အားနည်းချက်တွေ ရှိခဲ့ပြီး လမ်းကြောင်းရှင်းလင်းရေးအတွက် ဆိုင်ကယ်ဝါသနာရှင်တွေ အဖွဲ့ကလည်း အကူအညီပေးခဲ့ပါတယ်။
ဒီပြိုင်ပွဲဟာ အာရှပြိုင်ပွဲဖြစ်သလို အသင်းကောင်းတွေ ပါဝင်နေတာကြောင့် မြန်မာစက်ဘီးအဖွဲ့အနေနဲ့ အတွေ့အကြုံရဖို့ပဲ ဦးစားပေးရမယ့် အခြေအနေမှာ ရှိနေပါတယ်။
သတင်း/ဓာတ်ပုံ-ထက်လူ
3 years Ago