စကိတ်ပြား

September 1, 2018

၃၅ ပေကျော်ရှည်သည့် ကမ္ဘာ့စံချိန်တင် စကိတ်ပြား

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့က အမျိုးသားတဦး ဖန်တီးလိုက်တဲ့ စကိတ်ပြာဟာ ကမ္ဘာ့အကြီးမားဆုံး စကိတ်ဘုတ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တယ်လို့ upi သတင်းမှာ ဖော်ပြပါတယ်။ ၃၅ ပေနဲ့ ၇ လက်မရှည်လျားတဲ့အတွက်ဒီလို ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီစကိတ်ကို ဂျိုးဂီယာဂျီလီယာလို့ခေါ်သူက ဖန်တီးခဲ့တာဖြစ်ပြီး ဂျိုးဟာ ကယ်လီဖိုးနီးယား စကိတ်ပန်းခြံရဲ့ ဒါရိုက်တာတဦးပဲဖြစ်ပါတယ်။ “ဒီစကိတ်ကို ဖန်တီးခဲ့ရာမှာ အခက်အခဲဆုံးကတော့ ကျနော်တို့မှာ ဒီဟာကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ လမ်းညွှန်ချက်မရှိတာပါပဲ” လို့ ဂျိုးကပြောပါတယ်။ “ဒီစကိတ်ကြီးကို ဖန်တီးဖို့ ကျနော်တို့ အချိန် သီတင်းပတ် ၁၀ ခုလောက်ယူခဲ့ရပြီးတော့ ကြားထဲမှာ လုပ်လိုက်မှားလိုက်တဲ့ အခက်အခဲ ပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်” လို့လည်း သူကပြောပါတယ်။ အခုစကိတ်ပြားဟာ အရှည် ၃၅ ပေနဲ့ ၇ လက်မရှိပြီ အနံ ၈ ပေနဲ့ ၈ လက်မရှိတာကြောင့် ၂၀၁၉ ခုနှစ်ဂင်းနစ်စံချိန်မှတ်တမ်းစာအုပ်မှာ ပါဝင်မယ်လို့လည်း မှတ်တမ်းအဖွဲ့က ပြောပါတယ်။ ဒီစကိတ်ကို ဖန်တီးခဲ့တဲ့ ဂျိုးက ကမ္ဘာ့စံချိန်တင်စကိတ်ဟာ သာမာန်စကိတ် အသေးစားလေးတွေနဲ့ ဒီဇိုင်းအတူတူပဲဖြစ်ပြီ အကြီးမားဆုံး ခြားနားချက်က အရွယ်အစားပဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီစကိတ်ကို စတီးဖရိမ်နဲ့ပြုလုပ်ထားပြီး စကိတ်မှာ ပြိုင်ကားတာယာကိုလည်း အသုံးပြုထားပါသေးတယ်။ လက်ရှိအချိန်မှာတော့ ဂျိုးရဲ့ဖန်တီးမှုဟာ အလွန့်အလွန်ကို လူကြိုက်များလျက်ရှိပြီး တခါကလည်း သူ့ကို ရဲတဦးက အတင်းဖမ်းခဲ့ကြောင်း၊ သူက အဖမ်းခံခဲ့ရတယ်လို့ထင်ပေမယ့် ရဲက သူနဲ့ စကိတ်ပြားကို အမှတ်တရ ဓာတ်ပုံရိုက်ကူးကာ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ဂျိုးက ပြောပါတယ်။
3 years Ago
Up