စကိတ်ဘုတ်စီးပြသည့် ခွေးဘီလူးလေး ကမ္ဘာ့စံချိန်ချိုး

November 13, 2015

စကိတ်ဘုတ်စီးပြသည့် ခွေးဘီလူးလေး ကမ္ဘာ့စံချိန်ချိုး (ရုပ်သံ)

ပီရူးနိုင်ငံ၊ လီမာမြို့က ခွေးဘီလူးလေးတကောင်ဟာ လူပေါင်း အယောက် ၃၀ ရဲ့ ခြေထောက်တွေနဲ့ ဥမင်လိုဏ်ခေါင်းပုံ လုပ်ထားတဲ့ကြားကနေ စကိတ်ဘုတ်စီးပြခဲ့ပြီး ဂီးနက်စ် ကမ္ဘာ့စံချိန် ချိုးနိုင်ခဲ့ပါတယ်။ အော့တိုအမည်ရ အဲဒီခွေးဘီလူးလေးဟာ ခြေထောက်တွေကြားကနေ ဖြတ်ကာ သူ့လမ်းကြောင်းအတိုင်း စကိတ်ဘုတ်ကို စီးပြနိုင်ခဲ့တာဖြစ်ပြီး မှတ်တမ်းဝင်သွားခဲ့တာပါ။ ပိုင်ရှင်တွေဖြစ်တဲ့ ရောဘတ်ရစ်ကာ့တ်ဇူကာတေနဲ့ လူစီယာနာဗီယာလေးပရက်ဇ်တို့ကို ဂီးနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်းတာဝန်ရှိသူတွေက နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ ၁၁ နှစ်မြောက် ဂီးနက်စ် ကမ္ဘာ့မှတ်တမ်းနေ့မှာ ခွေးဘီလူးလေး အော့တိုအတွက်  ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်လိုက်ပါတယ်။ လူစီယာနာဗီယာလေးပရက်ဇ်က “ဒါ စဖြစ်လာတာက ဂိမ်းတခုလိုပဲ။ ကျမက အော့တိုနဲ့ ဓာတ်ပုံရိုက်ရတာ ၀ါသနာပါတယ်။ တခါတော့ သူဟာ စကိတ်စီးနေရင်း အရှိန်မထိန်းနိုင်ဘဲ ပြေးအလာမှာ ကျမကို မထိမိအောင် ခြေထောက် ၂ ဘက်ကို ကားပေးလိုက်တော့မှ တဘက်ကို သူ ချောချောမောမော ရောက်သွားတယ်။ ဒါက လူတွေခြေထောက်ကြားက စကိတ်စီးပြတဲ့ (အော့တိုရဲ့ဇာတ်လမ်း) အစပါပဲ” လို့ ပြောပါတယ်။
7 years Ago
Up