စကိတ်စီး

June 22, 2018

စကိတ်စီးသူများအပေါ် အဆိုးမြင်မှု ပပျောက်ရေး ဖိလစ်ပိုင်တွင် စကိတ်စီးခြင်းနေ့ ဆင်နွှဲ

ဖိလစ်ပိုင်နိုင်ငံမှာ စကိတ်သမား အယောက် ၃၀၀ လောက်ဟာ သူတို့ဝါသနာနဲ့ ပတ်သက်တဲ့ အဆိုးမြင်သဘောထားတွေ ပပျောက်ရေး စကိတ်စီးခြင်းနေ့ (Go Skateboarding Day) ကို မြို့တော် မနီလာမှာ ဇွန်လ ၂၁ ရက်က ဆင်နွှဲကြပါတယ်။ စကိတ်စီးလျှောပြား ထုတ်လုပ်တဲ့ ကုမ္ပဏီများ နိုင်ငံတကာအသင်းက ဖန်တီးတဲ့ ဒီပွဲကို မနီလာမြို့မှာ ၂၀၁၁ ကတည်းက စတင် ဆင်နွှဲခဲ့တာပါ။ ဘေးကင်းချောမွေ့စွာ စကိတ်စီးနိုင်ရေးအတွက် လမ်းအများအပြားကို ပိတ်ထားပေးလေ့ ရှိပါတယ်။ မနီလာရဲ့ စီးပွားရေးခရိုင်ဟောင်းကနေ ၃ ကီလိုမီတာခရီးကို စကိတ်စီးရင်း စတင်ပြီး စကိတ်စီးလေ့ကျင့်တဲ့ ပြည်သူ့ပန်းခြံ ၃ ခုထဲက တခုမှာ ခရီးစဉ်ပြီးဆုံးပါတယ်။ အများပိုင်နယ်မြေထဲမှာ စကိတ်စီးသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စရာ လူတွေအဖြစ် ရှုမြင်ခံရလေ့ရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ အစိုးရက စကိတ်ကွင်းတွေနဲ့ စကိတ်ပြိုင်ပွဲတွေ စီစဉ်ပေးရင် စကိတ်စီးသူတွေရဲ့ ပုံရိပ်တွေ ပြောင်းလာရာမှာ အကူအညီ ရနိုင်တယ်လို့လည်း သူတို့က မျှော်လင့်ထားပါတယ်။
3 years Ago
Up