စကားဝိုင်း ဒီမိုကရေစီ

September 1, 2017

စကားဝိုင်း ဒီမိုကရေစီ

ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့သော မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲဆိုသည်ကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်၍ ကျင်းပခဲ့လေသည်။ ထိုဆွေးနွေးပွဲတွင် ပြည်တွင်း ပြည်ပမှ နိုင်ငံရေး လေ့လာသုံးသပ်သူများ၊ ပညာရှင်များ၊ သံအမတ်ကြီးများ၊ စီးပွားရေးလုပ်ငန်းများ၊ တပ်မတော်ကိုယ်စားလှယ် စသည်တို့ တက်ရောက်ခဲ့ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ အမျိုးသားရေးနှင့် နိုင်ငံတကာရေးရာဌာနမှူး ဗိုလ်မှူးကြီးအောင်မြင့်ဦး တဦးသာ တပ်မတော် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်ကို တွေ့ရပါသည်။ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ဆိုသည်နှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ပြုလုပ်သည့်အတွက် အန်အယ်လ်ဒီအစိုးရ၏ သဘောထား၊ အန်အယ်လ်ဒီအစိုးရ၏ သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ သဘောထား ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်လိုက်ပုံရပါသည်။ ဆွေးနွေးပွဲရလဒ်တွေနှင့် သုံးသပ်ချက်များကို အသေးစိတ် ထုတ်ပြန်ကြေညာခြင်း မရှိသည့်အပေါ်လည်း ဆွေးနွေးပွဲ တက်ရောက်သူများ၏ သဘောထားများကို သတင်းစာများက မေးမြန်းထားသည်ကိုကား ဖတ်ရှုရပါသည်။ အထူးသဖြင့် ဖွင့်ပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်း၌  “အတိတ်၏သားကောင်များ အဖြစ်မခံနှင့်” ဆိုသော ဩဝါဒပင် ဖြစ်၏။ ထိုသဘောထား ထိုမိန့်ခွန်းကို လက်ခံကြသူများရှိသလို လက်မခံကြသူများလည်း ရှိ၏။ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ဆိုသည်က ပြည်သူလူထုကြားတွင် ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုမရှိဟု ယေဘုယျ သုံးသပ်နေသည့်အပေါ် အစိုးရအနေဖြင့် ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုရှိသည်ဟု ခုခံဆွေးနွေးလိုသောကြောင့် ယခုကဲ့သို့ သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ခြင်း ဖြစ်ပါသည်။ မိမိတို့အနေဖြင့် သုံးသပ်ရလျှင် ယခုဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်သောကြောင့် ကြီးကျယ်ခမ်းနားသောပွဲ ဖြစ်ရမည့်အစား သာမန်ဆွေးနွေးပွဲတခုအဖြစ်သာ ကောက်ချက်ချရပေမည်။ အဘယ်ကြောင့်ဆိုသော ပါဝင်သောသူများမှာ ကျယ်ပြန့်သော နိုင်ငံရေးအသိုင်းအဝိုင်း၊ စီးပွားရေးအသိုင်းအဝိုင်း၊ စစ်ရေးအသိုင်းအဝိုင်း၊ ပညာရှင်အသိုင်းအဝိုင်းမှ လူပုဂ္ဂိုလ်များ ပါဝင်ခြင်းမရှိပေ။ မီဒီယာများလည်း ကျယ်ကျယ်ပြန့်ပြန့် မပါဝင်ပေ။ ပြန်ကြားရေးဝန်ကြီးဌာနက ဖိတ်ကြားသူများသာ ဖြစ်သည်။ ထိုပုဂ္ဂိုလ်များ၏ နိုင်ငံရေးရေချိန်၊ ကြိုးပမ်းအားထုတ်မှုများကို သုံးသပ်ကြည့်လျှင် ထို့ထက်မက ကျယ်ပြန့်သော သတင်းသမားများ ရှိနေသဖြင့် ယခုထက် ပိုမိုကျယ်ပြန့်သင့်ပေသည်။ မြန်မာ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုမှာ လူထုမျှော်မှန်းသလို ပြောင်းလဲခြင်း၊ တိုးတက်ခြင်း မရှိသေးသည်ကို ထိုဆွေးနွေးပွဲ တက်ရောက်လာသူများ မှန်မှန်ကန်ကန် ခြေခြေမြစ်မြစ် သုံးသပ်ဆွေးနွေးနိုင်မည်ဟု မထင်ပေ။ ယနေ့လို စာနယ်ဇင်းလွတ်လပ်ခွင့် ကျဆင်းနေသည့်အချိန် စာပေလောကတွင် စာပေသမားများ၊ စာရေးဆရာ၊ ကဗျာဆရာများ၊ မီဒီယာသမားများအတွက် ဖွံ့ဖြိုးတိုးတက်မှု အားနည်းပြီး အစိုးရက ထိုလောကသားများအတွက် အလေးအနက်ထားခြင်း၊ ကူညီထောက်ပံ့ခြင်း၊ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်အောင် မဆောင်ရွက်နိုင်ပေးခြင်းကြောင့် ဒီမိုကရေစီ အခွင့်အရေးများရော၊ စာပေတိုးတက်ဖွံ့ဖြိုးမှုပါ မရှိသည့်ကာလတွင် ဒီမိုကရေစီ အခွင့်အရေးများ ပွင့်လင်းလာခဲ့ပြီဟု ကောက်ချက်မချသင့်ပေ။ အရင်အစိုးရများထက် ဘယ်လောက်များ အမှောင်တိုက်ထဲက ဖောက်ထွက်လာနိုင်ခဲ့ပြီလဲ။ မည်ရွေ့မည်မျှ ပြောင်းလဲတိုးတက်လာခဲ့ပြီလဲ ဆိုသည်ကို မှန်မှန်ကန်ကန် ထောက်ပြနိုင်ဖို့လိုသည်။ အတိတ်ကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်နှင့် အနာဂတ် တိုးတက်လာအောင် အတိတ်ကို တူးဆွနေခြင်း ဖြစ်သည်။ အတိတ်၌ တဝဲလည်လည် ဖြစ်နေခြင်း မဟုတ်ပေ။ အတိတ်မှ အမှားများနှင့် အဆိုးများကို တချိန်တည်းတွင် အတိတ်က ကောင်းမွန်မှုများကို ရှာဖွေထောက်ပြ နည်းနာယူနိုင်လျှင်ကား ပစ္စုပ္ပန်နှင့် အနာဂတ်ဒီမိုကရေစီကို အားဖြည့်ပေးရာ ရောက်ပေလိမ့်မည်။ ထိုမြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး တက်ရောက်လာသော ကိုယ်စားလှယ်များထဲမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကမူ ထိုဆွေးနွေးပွဲနှင့် လက်ရှိ ဒီမိုကရေစီ ဖြစ်ပေါ်နေမှုကို အနီးစပ်ဆုံး ထောက်ပြသွားနိုင်သည်ဟု ဆိုရမည်။ သတင်းသမားများနှင့် တွေ့ဆုံရာတွင် သူက ဤကဲ့သို့ ပြောဆိုခဲ့လေသည်။ “မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲမှာ လူတွေအားလုံးရဲ့ အမြင်တွေ စုပြီးတော့ နားထောင်ရတဲ့ကိစ္စက တော်တော်လေးကို အာရုံစိုက်ရပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်စားပြုမှုဆိုတဲ့ ကိစ္စတခု ပါလာပါပြီ။ ဒီဆွေးနွေးပွဲတွေကနေပြီးတော့ အဓိကနဲ့ သာမညကို ခွဲခြားရမှာပါ။ သေချာတာကတော့ တယောက်နဲ့တယောက် အစွဲချွတ်လို့ မရသေးဘူး။ နှစ်ပေါင်းများစွာ ကိုယ်စီကိုယ်စီ အမြစ်တွယ်လာတဲ့ အစွဲတွေ ရှိတယ်။ ပထမအချက်အနေနဲ့ မတူတာတွေကို လက်ခံပေးရပါမယ်။ အဲဒီလိုလက်ခံပေးပြီး မြင်တဲ့အတိုင်း နေလို့မရဘူး။ ကျင့်တဲ့အခါကျတော့ အားလုံးညီသွားဖို့ လိုပါတယ်။ အဓိကကတော့ ငြိမ်းချမ်းရေးကို အခြေခံစဉ်းစားရတာ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာလည်း ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာရတယ်ဆိုတာ အားလုံးက လက်ခံလိမ့်မယ်။ နိုင်ငံသားတွေအချင်းချင်းမှာ အခွင့်အရေးတွေ တန်းတူညီမျှဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေကို ကျနော်တို့ ညှိနှိုင်းကြရမှာပါ။ အဲဒီတော့ နမူနာအနေနဲ့ အချုပ်ပြောရရင် တယောက်နဲ့တယောက် အခွင့်ထူးခံထားတာမျိုးကို အမြဲတမ်း မယူပါဘူးဆိုတာကို အခြေခံပြီးတော့ ညှိရပါလိမ့်မယ်။ အကြောင်းပြချက်အမျိုးမျိုးကြောင့် အခွင့်ထူးတွေ ယူထားတာရှိတယ်။ အဲဒီအချက်တွေဟာ အမြဲယူထားလို့ မရဘူး။ ကာလတခုပြီးရင် အားလုံးဟာ အခွင့်အရေး တန်းတူညီမျှတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်ကလည်း ဒီမိုကရေစီ ကျင့်သုံးလာတာ အချိန်ရလာပြီ။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျနော်တဦးတည်း အမြင်အရပြောရရင် နာရီပိုင်းအတွင်း၊ ရက်ပိုင်းအတွင်း ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဒါပေမယ့် အတိတ်က ရှည်ကြာလာတဲ့ သမိုင်းတွေ ရှိနေသေးတယ်ဆိုတော့ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ကွဲပြားမှုတွေကို နေ့ချင်းညချင်း စေ့စပ်လို့ မရဘူးဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဘယ်သူတွေက တယောက်နဲ့တယောက် မတူဘူးလဲဆိုတော့ ဒီဒဏ်ရာဒဏ်ချက်တွေကို ခံစားနေရတဲ့လူက ပြည်တွင်း ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်ချင်တယ်။ ဒါပေမယ့် အဲဒီအပေါ်မှာ အကျိုးအမြတ်ရ ရှိနေတဲ့လူကတော့ ကြာလေ ကောင်းလေ ဆိုတာမျိုး ရှိတယ်။ အသွင်ကူးပြောင်းတဲ့နေရာမှာ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုရင် သီအိုရီအရ ဘယ်လောက်ကောင်းကောင်း မရပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်အရာကို ပြောတာလဲဆိုတော့ ကျနော်တို့ ဖြစ်ချင်တဲ့အရာကို ပြောကြတဲ့အခါမှာ ခြိမ်းခြောက်တာမျိုး၊ လက်နက်အားကိုးနဲ့ ဖြေရှင်းမယ်ဆိုတာမျိုး၊ အင်အားသုံးပြီးတော့ တယောက်နဲ့တယောက် ချေမှုန်းမယ်ဆိုတာမျိုးနဲ့ လုပ်လို့မရပါဘူး။ ဒါကြောင့် အသွင်ကူးပြောင်းတဲ့နေရာမှာ ဘာပဲလုပ်ချင်လုပ်ချင် တရားဥပဒေစိုးမိုးရေးဆိုတာ ရှိကိုရှိနေရမယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကိုလည်း မျက်ခြည်မပြတ်ရဘူး။ ပြီးတော့ မပြည့်သေးတဲ့ ဒီမိုကရေစီကိုလည်း ပြည့်အောင် ဆက်ဖြည့်ရပါမယ်။” မြန်မာ့ဒီမိုကရေစီဖြစ်စဉ်နှင့်ပတ်သက်၍ ဒီမိုကရေစီအကြောင်း နှံ့စပ်ကျွမ်းကျင်သည်ဟု သတ်မှတ်သူများအား ခေါ်ယူ၍ ယခုလို ဆွေးနွေးပွဲလုပ်၍ သဘောထား တောင်းခံသည့်အတွက် ဒီမိုကရေစီတည်ဆောက်ရေးကို ရှေ့တန်းမှ လုပ်ကိုင်နေသော အစိုးရနှင့် အာဏာပိုင်များက ပို၍သိရှိကြပေမည်။ နိုင်ငံရေး မည်မျှတိုးတက်ပြောင်းလဲပြီး မြေပေါ်မြေအောက် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ လက်နက်ကိုင်အင်အားစုများကြား ဒီမိုကရေစီ အခွင့်အရေးများ မည်မျှရရှိနေသလဲ ဆိုသည်ကို ယခု နိုင်ငံရေးပါတီများ သိရှိပေလိမ့်မည်။ စီးပွားရေးဒီမိုကရေစီအရလည်း စီးပွားရေးလုပ်ပိုင်ခွင့်များ၊ ဩဇာအာဏာနှင့် အမှီအခိုကင်းသော စီးပွားရေးကို အာဏာရ အစိုးရက မည်ရွေ့မည်မျှ ဒီမိုကရေစီကျကျ လုပ်ဆောင်နိုင်သည်ကို အသိဆုံးဖြစ်ပေမည်။ ခရိုနီများ၏မျက်နှာကို ကြည့်နေရသည်မျိုး၊ လက်ရှိအစိုးရတွင် ဘယ်လောက် ကင်းလွတ်နေသလဲ ဆိုသည်ကို မိမိတို့သာ အသိဆုံးဖြစ်ပေမည်။ စစ်ရေးဒီမိုကရေစီဟု ဆိုရလျှင်လည်း တပ်မတော်နှင့် အရပ်သားများကြား ဆက်ဆံရေး မည်မျှကောင်း၍ ဒီမိုကရေစီအစိုးရဟုခေါ်သော အရပ်သားအစိုးရ၏ သမ္မတက အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးအရ စစ်ဘက်ကို မည်မျှ ဩဇာလွှမ်းမိုးထားနိုင်သလဲ ဆိုသည်မှာ လက်ရှိအစိုးရ အသိဆုံး ဖြစ်ပေမည်။ ယခုမူ ဒီမိုကရေစီတည်ဆောက်မှုနှင့် ဖြစ်ထွန်းတိုးတက်မှုများ ရှိသည်ဟု တက်ရောက်လာသူများက ကောက်ချက်ချနိုင်အောင် ယခုဆွေးနွေးပွဲကို ပြုလုပ်ပုံရသည်ဟု လေ့လာသူများက ကောက်ချက်ချနေကြသည်။ ထို့ကြောင့် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲမှာ ထူးထူးခြားခြား ဆွေးနွေးပွဲတခုဟု မဆိုနိုင်။ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းမှုမှာလည်း သိသိသာသာ အောင်အောင်မြင်မြင် ဖြစ်နေပြီဟုလည်း သုံးသပ်၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော ယခုအချိန်ထိ စစ်မှန်သော စံချိန်စံနှုန်းများနှင့် ကိုက်ညီသော ဒီမိုကရေစီစနစ်ကို မတည်ဆောက်နိုင်ခြင်းမှာ ထိုစံချိန်စံနှုန်းများကို ဆန့်ကျင်သော၊ တားဆီးထားသော အနှောင်အတဲများနှင့် ကန့်သတ်ထားသော ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိနေခြင်းကြောင့် ဖြစ်ပေတော့သည်။ ထက်မြက်
4 years Ago
Up