ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ အူစမန် ဒမ်ဘီလီဟာ ချဲလ်ဆီး၊ မန်စီတီးတို့နဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ စပိန်သတင်းစာ El Desmarque မှာ ဖော်ပြထားပါတယ်။
ပရီးမီးယားလိဂ်အသင်းနှစ်သင်းအပြင် ဒမ်ဘီလီဟာ ပြင်သစ်ချန်ပီယံ PSG အသင်းနဲ့လည်း ဘာစီလိုနာရဲ့ ခွင့်ပြုချက်မရှိဘဲ တွေ့ဆုံပြီးဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဒမ်ဘီလီဟာ ကြွက်သား ဒဏ်ရာကြောင့် နောက်လအနည်းငယ်အထိ ဘောလုံးကစားနိုင်သေးမှာ မဟုတ်ပေမယ့် သူဟာ ရာသီသစ်မှာ ဘာစီလိုနာအသင်းကနေ သေချာပေါက်ထွက်ခွာတော့မယ်လို့ ယူဆခံထားရသူ ဖြစ်ပါတယ်။
ဒမ်ဘီလီဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ ဘာစီလိုနာအသင်းကို ယူရို ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပမယ့် ပထမ ရာသီမှာပဲ တင်ပါးဒဏ်ရာကြောင့် ငါးလကျော်ကြာ အနားယူခဲ့ရပါတယ်။
အခုလက်ရှိ ကြွက်သားဒဏ်ရာဟာ အခုရာသီအတွင်း ဒမ်ဘီလီ ရရှိခဲ့တဲ့ တတိယမြောက်ဒဏ်ရာဖြစ်ပြီးတော့ ၁၀ ပတ်ကြာ အနားယူရမှာဖြစ်ပါတယ်။ ဒမ်ဘီလီဟာ အခုရာသီအတွင်း ဘာစီလိုနာအသင်းအတွက် ငါးပွဲသာ ကစားခွင့်ရရှိထားပါတယ်။
နေမာရဲ့ နေရာကို အစားထိုးဖို့ ဘာစီလိုနာအသင်းက သူ့ကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် ဒမ်ဘီလီဟာ မျှော်လင့်ထားသလောက် ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိသေးပါဘူး။
သူဟာ ဒဏ်ရာတွေကြောင့် ပွဲအများစုကို လွဲချော်ခဲ့ရသလို ကစားခွင့်ရချိန်မှာလည်း သူ့ရဲ့ ကြိုးစားမှုနဲ့ အာရုံစူးစိုက်မှုတို့အပေါ် ပရိသတ်တွေက မေးခွန်းထုတ်နေကြပါတယ်။
ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်မှုပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရရှိခဲ့ပြီးဖြစ်ပြီး အသင်း နည်းပြ ဖရန့်လမ်းပတ်ဟာလည်း ဇန်နဝါရီ အပြောင်းအရွှေ့အတွက် ပေါင် သန်း ၁၅၀ အသုံးစရိတ်ရရှိထားပြီဖြစ်တာကြောင့် အခုအထိ မစားမထိုးနိုင်သေးတဲ့ ဟာဇက်ရဲ့ ကွက်လပ်အတွက် ဒမ်ဘီလီကို ခေါ်ယူသွားမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
3 years Ago