အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်တို့ရဲ့ နောက်ဆုံး စကားစစ်ထိုးပွဲကို အောက်တိုဘာ ၂၂ ရက်က တင်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့မှာ ကျင်းပ ပြီစီးခဲ့ပါတယ်။
ဒီနောက်ဆုံး စကားစစ်ထိုးပွဲဟာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ မတိုင်ခင် ၁၂ ရက်အလိုမှာ ဘယ်သူ့ကို မဲပေးရမလဲ မဆုံးဖြတ်ရသေးတဲ့ ကျန်ရှိမဲဆန္ဒရှင်တွေကို သမ္မတလောင်း နှစ်ယောက်က စည်းရုံးကြတာပါ။
ဒီတစ်ကြိမ်မှာလည်း ရီပတ်ဘလီကန်သမ္မတ ထရမ့်နဲ့ ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်တို့ဟာ ကိုဗစ်ကပ်ရောဂါ၊ လူမျိုးရေးနဲ့ အခွန်ကဏ္ဍတွေမှာ ထိပ်တိုက်တွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။
သမ္မတ ထရမ့်က ပထမအကြိမ် စကားစစ်ထိုးပွဲထက် ပိုမိုထိန်းထိန်းသိမ်းသိမ်း ပြောဆိုခဲ့ပေမဲ့ ဘိုင်ဒင်သာ ရွေးကောက်ခံရရင် အမေရိကန်ပြည်သူတွေဟာ တခါမှ မကြုံဖူးတဲ့ စိတ်ဓာတ်ကျဆင်းမှုမျိုး ကြုံရနိုင်တယ်ဆိုတဲ့ သတိပေးချက်နဲ့ သူရဲ့မှတ်ချက်ကို အဆုံးသတ်ခဲ့ ပါတယ်။
ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်ကတော့ ဒီရွေးကောက်ပွဲဟာ အမေရိကန်ရဲ့ ထူးခြားတဲ့ လက္ခဏာကို မဲခွဲဆုံးဖြတ်တာဖြစ်ပြီး သူဟာ ရွေးကောက်ခံရရင် အမေရိကန်နိုင်ငံမှာ ယဉ်ကျေးမှု၊ ဂုဏ်သိက္ခာနဲ့ လေးစားမှု ပြန်လည်ရရှိလာမယ်လို့ ပြောဆိုခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်ဒေသခံတွေကလည်း ဒီစကားစစ်ထိုးပွဲဟာ ပထမတကြိမ်ထက် အပြော အဆိုပိုင်းမှာ ပိုမိုယဉ်ကျေးတယ်လို့ ချီးကျူးခဲ့ပါတယ်။
ဘယ်သူနိုင်မလဲဆိုတာ မသေချာတဲ့ ပြည်နယ်တချို့မှာ ရွေးကောက်ပွဲက အကြိတ်အနယ် ဖြစ်နေပေမယ့် လူထုစစ်တမ်းအရ ရီပတ်ဘလီကန်သမ္မတ ထရမ့်ဟာ ဒီမိုကရက် သမ္မတလောင်း ဘိုင်ဒင်ရဲ့ နောက်က လိုက်နေတယ်လို့ ရိုက်တာက တင်ပြထားပါတယ်။
6 months Ago