စကခ ၁၆

October 9, 2021

သိန္နီမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများ ထိတ်လန့်

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့၊ အခြေစိုက် စကခ ၁၆ က စက်တင်ဘာ  ၈ ရက် ည ၁၁ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယာဉ်နဲ့ လူသွားလူလာမရှိတဲ့ ညအချိန် လက်နက်ကြီး ၄ ချက် ရမ်းသန်းပစ်ခတ်နေတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပေါ်လာမှာကို မြို့ခံတွေက စိုးရိမ်ထိတ်လန့်နေကြတာပါ။

မကြာခဏဆိုသလို စကခ ၁၆ က လက်နက်ကြီးပစ်ခတ်လေ့ရှိပြီး မြို့တွင်းတိုက်ပွဲဖြစ်ပွားအောင် ဖန်တီးနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

သိန္နီမြို့ခံတစ်ဦးက “ညက လက်နက်ကြီးသံ ၄ ချက်ကြားတယ်။  တိုက်ပွဲဖြစ်လို့ လှမ်းပစ်နေတာလို့ ထင်တာ။  လူတွေ အိပ်ချိန်ဆိုတော့ ထိတ်လန့်ကုန်တယ်။ အခုလို လက်နက်ကြီး ရမ်းသန်းပစ်နေတာ ဘယ်ကိုပစ်လို့ ပစ်နေမှန်းမသိပေမယ့် တိုက်ပွဲဖြစ်ဖို့ ဖိတ်ခေါ်နေသလိုပဲ” လို့ ဆိုပါတယ်။

စက်တင်ဘာ ၆ ရက် မနက် ၁ နာရီလောက်က လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ စစ်ကား ၂ စီး မြို့တွင်း ဖြတ်သန်းသွားပြီးနောက် ပြင်းထန်ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။ 

အဆိုပါ ပြင်းထန်ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်မှာရှိတဲ့ စည်ပင်ဈေးက ဈေးဆိုင်ခန်းတွေ၊ လူနေအိမ်တချို့နဲ့ မော်တော်ယာဉ်တွေ ပျက်စီးခဲ့ပေမဲ့ လူတွေ ထိခိုက်သေဆုံးသူ မရှိခဲ့ဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ အောက်တိုဘာက စည်ပင်သာယာစျေးအနီး အကြမ်းဖက်စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသူတွေရှိခဲ့သလို နေအိမ်နဲ့ စျေးဆိုင်ခန်းတွေ ပျက်စီးခဲ့ပါတယ်။

သိန္နီမြို့ ပတ်ဝန်းကျင်နဲ့ ပြည်ထောင်စုလမ်းမကြီးတလျှောက် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပါတယ်။

1 year Ago
Up